အင်္ဂလန်အသင်းဟာ ဂါနာနဲ့ ကမ္ဘာ့ဖလားပွဲမတိုင်ခင် အသင်းကစားသမားတွေကို ကွင်းလယ်လူ သောမတ်စ်ပါတေးနဲ့ လက်ဆွဲနှုတ်ဆက်မလားဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ခွင့် ပေးလိုက်ပါတယ်။
ဂါနာလက်ရွေးစင် သောမတ်စ် ပါတေးကို မုဒိမ်းမှုနဲ့ စွပ်စွဲထားတာဖြစ်ပေမဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကတော့ ဘောလုံးအပေါ်မှာပဲ အာရုံစိုက်ချင်တာပါ။
ဒါကြောင့် ပွဲမစခင် လက်ဆွဲနှုတ်ဆက်တဲ့ ထုံးစံအတိုင်း လုပ်မလား ဆိုတာကို ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်အပေါ်ပဲ ထားလိုက်တာ ဖြစ်ပါတယ်။
ဒီပွဲကို ဘော့စတွန်မြို့မှာ ကစားမှာဖြစ်ပြီး ပါတေးကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပါတယ်။
အာဆင်နယ်အသင်း ကစားသမားဟောင်း ပါတေးဟာ မုဒိမ်းမှု ၇ မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၁ မှုတို့အတွက် လန်ဒန်တရားရုံးမှာ လာမဲ့နစ် ဇွန် ၇ ရက်နေ့မှာ စတင်ရင်ဆိုင်ရမှာပါ။
ဒီအခြေအနေက အင်္ဂလန်ကစားသမား ဒက်ကလန်ရိုက်စ်နဲ့ ဘူကာယို ဆာကာတို့အတွက် ခက်ခဲနိုင်ပါတယ်။ သူတို့ ၂ ယောက်ဟာ ပါတေးနဲ့ အာဆင်နယ်အသင်းမှာ အတူကစားခဲ့ဖူးတာပါ။
FA ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ကစားသမားအဖွဲ့နဲ့ တရားဝင် ဆွေးနွေးထားတာ မရှိပါဘူး။ နည်းပြချုပ် သောမတ်စ်တူချယ်ကလည်း နိုင်ငံရေးကိစ္စတွေမှာ ပါဝင်ခြင်းမရှိဘဲ ဘောလုံးအပေါ်မှာပဲ အာရုံစိုက်မယ်လို့ ပြောထားပါတယ်။










