DVB Logo
Home
မြန်မာသတင်း
ဂျပန်တွင် မြန်မာတရားသူကြီးသမီး အသတ်ခံခဲ့ရမှု မြောက်ကိုရီးယားပါဝင်ခဲ့သည့် အမှုတွဲထွက်ပေါ်
DVB
·
April 12, 2017
ဂျပန်တွင် မြန်မာတရားသူကြီးသမီး အသတ်ခံခဲ့ရမှု မြောက်ကိုရီးယားပါဝင်ခဲ့သည့် အမှုတွဲထွက်ပေါ်
Donate to DVB

မြန်မာတရားသူကြီးတဦးရဲ့ သမီး အသတ်ခံခဲ့ရမှုမှာ မြောက်ကိုရီးယားနိုင်ငံက သံသယဖြစ်ဖွယ် ပါဝင်ပတ်သက်နေတဲ့ လျှို့ဝှက်အမှုတွဲဖိုင်ကို တောင်ကိုရီးယားနိုင်ငံက ဧပြီလ ၁၁ ရက်နေ့က ထုတ်ဖော်လိုက်တယ်လို့ Korea Herald သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ တရားသူကြီးဟာ ၁၉၈၃ ခုနှစ်က ရန်ကုန်ဗုံးထောင်ဖောက်ခွဲမှုမှာ ပါဝင်ခဲ့တဲ့ မြောက်ကိုရီးယားအကြမ်းဖက်အေးဂျင့်တဦးကို သေဒဏ်ချမှတ်ခဲ့သူဖြစ်ပြီး သူ့ရဲ့ သမီးဖြစ်သူကတော့ ဂျပန်နိုင်ငံမှာ ပညာသွားရောက်သင်ယူနေချိန် ၁၉၈၅ ခုနှစ်မှာ အသတ်ခံခဲ့ရတာပါ။

တောင်ကိုရီးယားအစိုးရက အခုထုတ်ဖော်လိုက်တဲ့ လျှို့ဝှက်အမှုတွဲဖိုင်ဟာ စာမျက်နှာပေါင်း ၂ သိန်း ၃ သောင်းပါဝင်ပြီး သေဆုံးခဲ့ရခြင်းအကြောင်းရင်းကို ဖော်ပြထားတာမဟုတ်ဘဲ အသတ်ခံရမှုဟာ ဖခင်ဖြစ်သူ တရားသူကြီးရဲ့ စီရင်ချက်ချမှုအပေါ် မြောက်ကိုရီးယားဘက်က လက်တုံ့ပြန်လက်စားချေခဲ့တယ်လို့ ရည်ညွှန်းဖော်ပြထားခဲ့တာပါ။

“ဒီအမှုရဲ့ အောက်ခြေဇစ်မြစ်ထိတော့ ကျနော်တို့ အားလုံး မသိနိုင်ခဲ့ပါဘူး။ အခင်းဖြစ်ပွားတဲ့ နေရာမှာတော့ မြောက်ကိုရီးယားလုပ် စီးကရက်တွေကို သဲလွန်စအနေနဲ့ တွေ့ခဲ့ရပြီး သေဆုံးသူမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာနဲ့ ပတ်သက်တဲ့ လက္ခဏာတစုံ တရာမတွေ့ခဲ့ရပါဘူး” လို့ ၁၉၈၆ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ဂျီနီဗာမြို့မှာ မြန်မာသံတမန်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ တောင်ကိုရီးယား သံအမတ်ကြီး လီဆန်အုတ်ရဲ့ အဆိုကို ကိုးကား ပြီး ဒီအမှုတွဲဖိုင်ထဲမှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးထောင်ဖောက်ခွဲမှုဟာ မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းကို အာဇာနည်သူရဲကောင်းဗိမာန်မှာ လာရောက်ဂါဝရပြုဖို့ ရှိနေတဲ့ တောင်ကိုရီးယားသမ္မတဟောင်း ချန်ဒိုဟွမ်ကို မြောက်ကိုရီးယားဘက်က လုပ်ကြံဖို့ ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် မအောင်မြင်တဲ့ အားထုတ်မှုတခုသာ ဖြစ်ခဲ့တာပါ။

ဒီအကြမ်းဖက် ဗုံးထောင်ဖောက်ခွဲတိုက်ခိုက်မှုမှာ တောင်ကိုရီးယားအဆင့်မြင့်အရာရှိကြီး ၁၇ ဦးနဲ့ မြန်မာ ၄ ဦးအပါအ၀င် စုစုပေါင်း ၂၁ ဦးသေဆုံးခဲ့တာပါ။

တောင်ကိုရီးယားသမ္မတ ချန်ဒိုဟွမ်ကတော့ ယာဉ်ကြောပိတ်ဆို့နေတဲ့အတွက် အချိန်နောက်ကျမှ ရောက်ရှိလာခဲ့လို့ လွတ်မြောက်သွားခဲ့ရတာပါ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒီဗုံးဖောက်ခွဲမှုမှ သံသယရှိတဲ့ မြောက်ကိုရီးယားနိုင်ငံသား တရားခံ ၃ ဦးကို ဖော်ထုတ်ခဲ့ပါတယ်။

သူတို့ထဲက ၁ ဦးကတော့ ဖမ်းဆီးချိန်ကာလတွင်းမှာပဲ သေဆုံးခဲ့ပြီး ကင်မ်ဂျင် ဆိုးနဲ့ ကန်မင်ချုလ်တို့ကိုတော့ လက်ရဖမ်းမိခဲ့တာပါ။

ကင်မ်ကိုတော့ ၁၉၈၄ ခုနှစ်မှာ သေဒဏ်ချမှတ် သတ်ဖြတ်ခံခဲ့ရပြီး ကန်ကိုတော့ ဒီကျူးလွန်မှုမှာ ပူးပေါင်းပါဝင်ခဲ့မှုအတွက် တသက်တကျွန်းပြစ်ဒဏ်ချမှတ်ခဲ့တာပါ။

ခုလို အခမ်းအနားမှာ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တာဟာ မြန်မာနိုင်ငံအတွက် နိုင်ငံတ ကာအသိုင်းအ၀န်းမှာ လုံခြုံမှုမရှိတဲ့ အခြေအနေအပေါ် ဂုဏ်သိက္ခာကျဆင်းသလိုဖြစ်ခဲ့ရတယ်လို့ သတင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013