DVB Logo
Home
Lead Story
သင်္ကန္တဆိုတဲ့ အချိန်နက္ခတ်အပြောင်းနဲ့ နိုင်ငံရေးစနစ်အပြောင်း
DVB
·
April 11, 2017
သင်္ကန္တဆိုတဲ့ အချိန်နက္ခတ်အပြောင်းနဲ့ နိုင်ငံရေးစနစ်အပြောင်း
Donate to DVB


မြန်မာပြက္ခဒိန်ရဲ့ ၁၂ လရာသီတွေထဲက တန်ခူးလကို အတာကူးသောလလို့ သတ်မှတ်ကြသလို ထန်းခူးသော လ လို့လည်း ခေါ်ဝေါ်လေ့ရှိကြပါတယ်။ တနင်္ဂနွေဂြိုဟ်ဟာ မိန်ရာသီကနေ မိဿရာသီကို ကူးပြောင်းတဲ့လဖြစ်တဲ့အတွက် အချိန်ရာသီလို့ အဓိပ္ပာယ်ရတဲ့ 'တာ' နှင့် 'ကူး' ကူးပြောင်းခြင်းဆိုတဲ့ ဝေါဟာရနှစ်လုံး ပေါင်းစုစည်းထားခြင်းကနေ တာကူး အဲဒီကတဆင့် တန်ခူးသို့ ခေါ်ဝေါ်ကြတယ်လို့ ယူဆသူတွေရှိသလို အချို့ကတော့ တန်ခူးဆိုတဲ့ စကားရပ်ထဲက ပုဂံခေတ် ကျောက်စာရေးထုံးတွေမှာ ပါတဲ့ ‘တန်’ဟာ  ပါဠိဘာသာအရ 'တာလ' ‘ထန်း’ ဟု အဓိပ္ပာယ်ရသော စကားလုံးနှင့် 'ခူး' ခူးဆွတ်ခြင်းဟူသော စကားနှစ်ရပ်ပေါင်းပြီး  'ထန်းခူးလ' လို့ခေါ်ကြရာက ကာလရွေ့လျှောပြီး တန်ခူးလလို့ ခေါ်ဝေါ်လာခဲ့ကြတာဖြစ်တယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။


ပါဠိဘာသာ “သင်္ကန္တ”၊ သက္ကတဘာသာ “သင်္ကြန္တ”ဆိုတဲ့ အဓိပ္ပာယ်ကတော့ ကမ္ဘာမြေကြီးဟာ နေကိုဗဟိုပြုလို့ မိဿရာသီကစပြီး .. ပြိဿ၊ မေထုန်၊ ကရကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန် ဟူသော ဆယ့်နှစ်ရာသီခွင်တို့သို့ အစဉ်လိုက် ကူးပြောင်းလှည့်လည်ပြီးနောက် ရက်ပေါင်း ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၇ စက္ကန့်ပြည့်သောအခါ မိဿရာသီအစဖြစ်တဲ့ အဿဝနီနက္ခတ် ပထမပတ်သို့ စတင် ဝင်ရောက်ပါတယ်။ ယင်းသို့ ရာသီခွင်တပတ်လည် ဝင်ရောက်စအချိန်ကို ရာသီတခုမှ ရာသီတခုသို့ ကူးပြောင်းသောကြောင့် “သင်္ကြန်” ကျတယ်လို့ ခေါ်ဆိုပါတယ်။


မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်အတွက် သူရိယသိန္ဓန္တ မန္တလေး မဟာသင်္ကြန်စာ အရဆိုရင် အချင်းယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅၀၊ အတွင်းကား ရွှေ၊ အပကား ဖန်သားအတိပြီးသော ရောင်ခြည်တထောင်ဆောင်သော ‘ဘာနုရာဇာ’ မည်သော တနင်္ဂနွေဂြိုဟ်မင်းသည် တပေါင်းဖြစ်သော မိန်ရာသီ ရေဝတီနက္ခတ် စတုတ္ထပါဒ် အဝသာန်နဝင်းမှ တန်ခူးဖြစ်သော မိဿရာသီ အဿဝနီနက္ခတ် မထမပါဒ် အာဒိနဝင်းထက်သို့ တွက်စစ် ကောဇာ နှစ်သင်္ချာ  ၁၃၇၈ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၃-ရက်၊ ခရစ်နှစ် ၂၀၁၇ ခုနှစ် ဧပြီလ ၁၄ ရက် သောကြာနေ့ မြန်မာစံတော်ချိန် နံနက်စက် ၄-နာရီ ၅၆-မိနစ် ၂၉-စက္ကန့်မှာ ‘ဘာနုရာဇာ’ မည်သော တနင်္ဂနွေဂြိုဟ်မင်းသည် ခရုသင်းအဆင်းနှင့်တူသော အဝတ်တန်ဆာကို ဝတ်ဆင်လျက် နွားလားဥဿဘကိုစီး၍ လက်တဘက်ကား ပုဆိန်၊ ကျန်လက်တဘက်ကား တံစဉ်းကိုကိုင်လျက် အရှေ့တောင်ထောင့်ကသည် အနောက်သို့ ဝင်၏လို့ ဆိုပါတယ်။


ပြီးတော့ အဲ့ဒီသင်္ကြန်စာထဲမှာ ယုတ်သောထဘီဝတ်ကြောင့် မြတ်သောထဘီဝတ်တို့ ပျက်စီးကုန်အံ့လို့ ဆိုထားပါတယ်။ ကျွဲ၊ နွား စသော အခြေ ၄ ခုတို့ ဥပဒ်ဖြစ်အံ့၊ ပြည်ကြီး ပြည်ငယ် ချောက်ချားကြကုန်အံ့လို့လည်း ဆိုထားပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နဝင်းတလုံးကနေ နောက်နဝင်းတလုံးဆီ၊ နက္ခတ်တလုံးမှသည် နောက်နက္ခတ်တလုံးဆီ၊ တရာသီပြီး နောက်တရာသီကို အစဉ်အတိုင်း ‘ပြောင်းရွှေ့ခြင်း’ ကို အစွဲပြုပြီး သင်္ကြန်လို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ ဒီတော့ သင်္ကြန်ဆိုတာ ‘ပြောင်းလဲခြင်း’ လို့ အကျဉ်းအားဖြင့်  မှတ်ယူနိုင်ပါတယ်။


ပြောင်းလဲခြင်းလို့ဆိုရာမှာ အချိန်ရာသီ ပြောင်းလဲခြင်း၊ ဘဝပြောင်းလဲခြင်း၊ အတွေးအခေါ် အကျင့်အကြံ  ပြောင်းလဲခြင်း၊ နိုင်ငံရေးစနစ် ပြောင်းလဲခြင်း စသည်ဖြင့် ပြောင်းလဲခြင်းတွေများစွာ ရှိပါတယ်။ အဲဒီပြောင်းလဲခြင်းတွေမှာ ကောင်းသော ပြောင်းလဲခြင်းနဲ့ မကောင်းသော ပြောင်းလဲခြင်းဆိုတာတွေ ဒွန်တွဲနေတတ်ပါတယ်။


အားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ မျက်မှောက်ကာလဟာ စစ်အာဏာရှင်စနစ် ကနေ ဒီမိုကရေစီစနစ်ကို ခက်ခက်ခဲခဲ ပြောင်းလဲနေရချိန် ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း တရပ်ဟာ ကောင်းတဲ့ပြောင်းလဲခြင်းကို လိုချင်ရင်တော့ ကောင်းတဲ့ အတွေးအခေါ် အသိဉာဏ်တွေကို အခြေခံပြီး ကောင်းမြတ်တည်ကြည်တဲ့ အကျင့်အကြံတွေ၊ မှန်ကန်တဲ့ အားထုတ်မှုတွေနဲ့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။


အများပြည်သူတွေရဲ့ ဆန္ဒမဲများနဲ့ နိုင်ငံရေးစနစ်ပြောင်းဖို့ တာဝန်ပေးအပ်ခံရတဲ့ အန်အယ်လ်ဒီ ဦးဆောင်တဲ့ အရပ်သားအစိုးရ လုပ်ဆောင်နေတဲ့ စစ်အာဏာရှင်စနစ်ဟောင်းကနေ ဒီမိုကရေစီစနစ်သစ်ဆီ ကူးပြောင်းနေတဲ့ အပြောင်းအလဲတွေ ဘာကြောင့်နှောင့်နှေးပြီး ခရီးမတွင်ဖြစ်နေရတာလဲ ဆိုတာကို သေသေချာချာ အရင်းစစ်ကြည့်ရင် တွေ့ရမှာက... အပြောင်းအလဲကို မလိုက်ပါလိုတဲ့ စနစ်ဟောင်းကို ဖက်တွယ်ထားသူတွေရဲ့ ကန့်လန့်တိုက် နှောင့်ယှက်မှုအမျိုးမျိုးကို အထင်အရှား တွေ့နိုင်ပါတယ်။


ဒါပေမယ့်လည်း နောက်ထပ်အရေးကြီးတဲ့ အဟန့်အတားတခုကတော့ နှစ်ပေါင်း ၅၀ ကျော် စွဲကပ်သွားတဲ့ နိုင်ငံသားတွေရဲ့ စနစ်ဟောင်းက အတွေးအခေါ်၊ အကျင့်အကြံဟောင်းတွေထဲက ရုန်းမထွက်နိုင်မှုဘဲ ဖြစ်ပါတယ်။ မြန်မာပြည်သူအများစုဟာ မိမိကိုယ်ကိုမိမိ မျက်စိအဝတ်စည်းပြီး စမ်းကြည့်ရင်တောင် မိမိကိုယ်တိုင်ဖြစ်ဖြစ်၊ မိမိနဲ့ လက်တကမ်းအကွာမှာ မိမိဝန်းကျင်မှာရှိနေတဲ့ မိမိသူငယ်ချင်း၊ မိမိအသိုင်းအဝိုင်း၊ မိမိ မိသားစု၊ မိမိဆရာသမား၊ မိမိအထက်အရာအရှိတွေထဲမှာ... စစ်အာဏာရှင်စနစ်ကို ထောက်ခံနေသူတွေ၊ စစ်အာဏာရှင်စနစ်ကို အသက်ဆက်ပေးနေသူတွေ၊ ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် နားမလည်ဘဲ ဆန့်ကျင်နေသူတွေ၊ တိုင်းပြည်ဘဏ္ဍာ ဆက်ခိုးစားနေသူတွေ၊ အဂတိလိုက်စားနေသူတွေ၊ ဘာသာရေးအစွန်းရောက်တွေ၊ လူမျိုးရေးအစွန်းရောက်တွေကို တွေ့နေ မြင်နေပါရက်နဲ့ အကြောင်းအမျိုးမျိုးနဲ့ လျစ်လျူရှုပြီး မသိယောင်ဆောင်ပြီး ဆက်လက်ခံထားကြလို့ပါပဲ။


အမုန်းမခံချင်လို့ဖြစ်ဖြစ်၊ မိမိအကျိုးစီးပွား ထိခိုက်မှာစိုးလို့ ဖြစ်စေ၊ မိမိရာထူးအာဏာ ထိခိုက်မှာစိုးလို့ဖြစ်စေ၊ သူတို့ဆီက အခွင့်အရေးမရမှာ စိုးရိမ်လို့ဖြစ်ဖြစ်၊ ကြောက်လို့ဖြစ်ဖြစ်၊ မိမိတက်လမ်းပိတ်မှာ စိုးလို့ဖြစ်ဖြစ်၊ မပတ်သက်ချင်၊ ပြဿနာအတက်မခံချင်လို့ဖြစ်ဖြစ်၊ ကိုယ်နဲ့မဆိုင်သလိုနေပြီး မတားမြစ်၊ မဝေဖန်၊ နားမချဘဲ အလိုက်သင့် မှိန်းနေကြတာဟာ အဲ့ဒီစနစ်ဟောင်းမှာ အသားသေ အရိုးစွဲနေသူတွေ အမှားလုပ်နေတာကို လက်ခံနေကြတဲ့ သဘော၊ ထောက်ခံနေကြတဲ့သဘော ဖြစ်သလို... အများပြည်သူအုပ်စိုးတဲ့ ဒီမိုကရေစီစနစ်ဆီ မရောက်အောင် စစ်အာဏာရှင်တွေနဲ့အတူတူ ရပ်တည်နေကြတဲ့ သဘောပါပဲ။


အမှန်တကယ် အပြောင်းအလဲကို လိုလားကြတယ်ဆိုရင်တော့... မြန်မာပြည်သူတွေ အားလုံးက လမ်းပေါ်တောင် ထွက်စရာမလိုပါဘူး။ မိမိဝန်းကျင်မှာရှိတဲ့ လမ်းမှားပေါ် ဆက်လျှောက်နေသူတွေကို ကိုယ် တနိုင်တပိုင် တညီညွတ်တည်း လက်မခံဘူးဆိုတာ ပြောရဲတဲ့သတ္တိ၊ တားမြစ်ရဲတဲ့ သတ္တိတွေ မွေးပြီး ဝိုင်းဝန်းပြုပြင်ကြဖို့ပါပဲ။


အန်အယ်လ်ဒီအစိုးရ သက်တမ်းတနှစ်ပြည့်မှာ ဘာတွေပြောင်းလဲပြီးပြီလဲလို့ မေးတာလည်း မေးလို့ရပါတယ်။ အစိုးရကို ဝေဖန်တာလည်း ဝေဖန်၊ ထိန်းကျောင်းတန်တာ ထိန်းကြောင်းရမှာမှန်ပေမယ့် တနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် ဘာတွေ ပြောင်းလဲပြီးပြီလဲ၊ မိမိကိုယ်တိုင်ရော စည်းကမ်းလိုက်နာနေပြီလား၊ ဥပဒေကို လိုက်နာရဲ့လား၊ အခွန်ဆောင်ရဲ့လား၊ နိုင်ငံသားတာဝန် ကျေပွန်ပြီလား ဆိုတာတွေလည်း မိမိကိုယ်ကိုယ် ဆန်းစစ်မေးကြည့်ကြရမှာ ဖြစ်ပါတယ်။ အနိမ့်ဆုံးအဆင့် ကိုယ့်အိမ်က အမှိုက်စွန့်တာ ဖြစ်ဖြစ်၊ လမ်းသွားရင် အမှိုက်ပစ်တာဖြစ်ဖြစ် အရင်လို စွန့်ချင်သလိုစွန့်၊ ပစ်ချင်သလို ပစ်နေတုန်းပဲလား၊ လမ်းသွားရင် လမ်းစည်းကမ်း၊ ကျောင်းသွားရင် ကျောင်းစည်းကမ်း၊ ရုံးသွားရင် ရုံးစည်းကမ်းတွေကို လိုက်နာကြရဲ့လားဆိုတာ၊ အာဏာရှိသူ၊ လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ပေါင်းပြီး အခွင့်ထူးခံနေတုန်းပဲလား စတဲ့ မေးခွန်းပေါင်းများစွာကို ပြန်လည်စဉ်းစား ဆင်ခြင်ကြည့်ဖို့လိုပါတယ်။


တကယ်တော့ နိုင်ငံကို ဦးဆောင်နေတဲ့ အစိုးရတရပ်မှာ အစိုးရရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိဖို့လိုအပ်သလို နိုင်ငံသားတွေ ကိုယ်တိုင်ကလည်း နိုင်ငံသား တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိကြမှသာ စစ်မှန်တဲ့ ပြောင်းလဲခြင်းကို ရရှိလို့ ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ အစိုးရပြောင်းပေးလိမ့်မယ်ဆိုပြီး ပြည်သူတွေက ဒီမိုကရေစီစနစ်နဲ့ ထိုက်တန်တဲ့ အတွေးအခေါ်၊ အကျင့်အကြံတွေ ပိုင်ဆိုင်လာအောင် မပြောင်းလဲဘူးဆိုရင် လိုချင်တဲ့ခရီးတွင်မှာ မဟုတ်ပါဘူး။


ဒါကြောင့်လည်း အပြောင်းအလဲမှာ ပြည်သူတွေပါဝင်ဖို့ အလွန်အရေးကြီးကြောင်း ပြည်သူတွေကိုယ်တိုင် မပါဝင်တဲ့ အပြောင်းအလဲမဟုတ်ရင် မအောင်မြင်နိုင်ဘူးလို့ ထပ်ဖန်တလဲလဲ ပြောဆိုနေကြတာ ဖြစ်ပါတယ်။


ဒီဆောင်းပါးကို နိဂုံးသပ်ရရင် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့အတွက် နှစ်ပေါင်း ၅၀ ကျော်အောင် အာဇာနည်အထောင်အသောင်းရဲ့ အသက်၊ သွေး၊ ချွေးတွေ စတေးလို့ တည်ဆောက်ခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီရေးလမ်းကို မြန်မြန်ဆန်ဆန် လိုရာခရီး ရောက်နိုင်စေဖို့ နိုင်ငံသားတဦးချင်းစီ အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များအားလုံး၊ ပါတီအဖွဲ့အစည်းပေါင်းစုံတင်မက နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရတိုင်အောင် အတိတ်က မိမိလုပ်ရပ်တွေကို ဆင်ခြင်သုံးသပ်ရင်း ကျူးလွန်ခဲ့ကြတဲ့ အမှားတွေ၊ အမူအကျင့်ဟောင်းတွေ၊ အတွေးအခေါ်ဟောင်းတွေကို ရဲရဲရင့်ရင့် စွန့်လွှတ်ပြင်ဆင်လို့ တာဝန်ယူသင့်တာတွေကို တာဝန်ယူပြီး တာဝန်ခံသင့်တာ ခံရဲကြဖို့ လိုပါတယ်။


အခုလို နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို အကူးအပြောင်းကာလ အချိန်သမယမှာ မှားယွင်းတဲ့ စစ်အာဏာရှင်စနစ်ဟောင်းကနေ မှန်ကန်တဲ့ ဒီမိုကရေစီစနစ်သစ်ဆီ ကူးပြောင်းနိုင်ဖို့ လူမျိုးနဲ့ချီ၊ နိုင်ငံတခုလုံး အတိုင်းအတာနဲ့ချီပြီး ယိမ်းယိုင်သွားတဲ့ ကိုယ်ကျင့်သီလနဲ့ စာရိတ္တမဏ္ဍိုင်ကြီးကို တည့်မတ်ဖို့ဆိုရာမှာ တဦးကောင်း တယောက်ကောင်း၊ အစိုးရတရပ် ကောင်းနေရုံနဲ့ မပြီးမြောက်နိုင်ပါဘူး။


ခေါင်တိုင်ဖျားက စယိုယွင်းလာရာက ဟိုးအောက်ခြေကြမ်းဖျားအထိ ဆွေးမြည့် လှိုက်စားနေတဲ့ ကိုယ်ကျင့်သီလတွေကို ပြုပြင်ပြောင်းလဲရာမှာ မိမိကိုယ်ကိုယ် ပြုပြင်ခြင်းဆိုတဲ့ အမျိုးသားရေး တာဝန်ကြီးကို နိုင်ငံသားတိုင်းက စိတ်တူကိုယ်တူ ပူးပေါင်းထမ်းဆောင်ကြဖို့ လိုအပ်ပါတယ်။ အများပြည်သူ ကောင်းကျိုးကို ဖော်ဆောင်ပေးနိုင်မယ့် ပဉ္စမမြန်မာနိုင်ငံတော်သစ် တည်ထောင်ခန်းမှာ နိုင်ငံရေးအသိနဲ့ နိုင်ငံရေးအကျင့် ထပ်တူကျတဲ့သူ များလာရင် ဒီမိုကရေစီ မြန်မြန်ရပါလိမ့်မယ်။


မင်းကောင်းချစ်


ဧပြီလ ၉ ရက်နေ့  ၂ဝ၁၇ ခုနှစ်


ကိုးကား -


- ဆယ့်နှစ်လရာသီပွဲတော်များ


- မြန်မာ့ရာသီပွဲတော်


- သင်္ကြန်အကြောင်း တစေ့တစောင်း - အရှင်နန္ဒဝံသ (ေဇယ်သုခဓမၼရိပ္သာ)


- သူရိယသိႏၶႏၲ မႏၱေလး မဟာသႀကၤန္စာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013