
တရားလွှတ်တော် ရှေ့နေ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုမှာ စေခိုင်းသူ တရားခံပြေး အောင်ဝင်းခိုင်ကို ဖမ်းမိဖို့ အတွက် ရဲတပ်ဖွဲ့အနေနဲ့ ရေဆုံးမြေဆုံးစုံစမ်းလုပ်ဆောင်နေတယ်လို့ ရဲချုပ်ဇော်ဝင်းက ပြောပါတယ်။
မနေ့က နေပြည်တော်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး အောင်ဝင်းခိုင် ခြေရာပျောက်သွားတဲ့ နေပြည်တော်မှာလည်း မြို့နယ်၊ရပ်ကွက်၊ကျေးရွာ တာဝန်ရှိသူတွေနဲ့အတူ ပိုက်စိတ်တိုက် ရှာဖွေခဲ့ပြီး ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရဲက အောင်ဝင်းခိုင်ရဲ့ ဓာတ်ပုံနဲ့ နောက်ကြောင်းစာတွေကိုလည်း ပြည်နယ်တိုင်း ဒေသကြီးတွေကို ပေးပို့ထားကာ စုံစမ်းဖော်ထုတ်နေပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေ ကိုပါ ထွက်ပြေးတိမ်းရှောင်လို့ မရအောင် အာဆီယံနိုင်ငံတွေကိုလည်း အမြန်ဆုံးဖမ်းမိဖို့ ပေးပို့ထားပြီး ဖြစ်တယ်လို့လည်း ရဲချုပ်က မနေ့က မီဒီယာကို ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နိုင်ငံတကာရဲတပ်ဖွဲ့က အောင်ဝင်းခိုင် ဖမ်းမိရေးအတွက် အနီရောင် အဆင့်သတ်မှတ်လုပ်ဆောင်နေတယ်လို့ ရဲက သတင်းထုတ်ပြန်ထားပြီး အဲ့ဒီသတ်မှတ်ချက်အရ အောင်ဝင်းခိုင် ရောက်နေတဲ့နိုင်ငံက သူ့ကိုတွေ့ရင် ဖမ်းပြီး မြန်မာပြည်ကို ပြန်ပို့ရမှာ ဖြစ်ပါတယ်။
အငြိမ်းစားရဲမှူးချုပ်ဝင်းခေါင်က အင်တာပိုက အနီရောင်အဆင့်သတ်မှတ်ထုတ်ပြန်လိုက်တဲ့ အတွက် တရားခံပြေး အောင်ဝင်းခိုင်ကို မိဖို့ နီးစပ်ပြီလို့ ပြောမရဘူးလို့ ပြောပါတယ်။
“သူ့ကို တကယ်တော့ ၀ရမ်း ထုတ်လိုက်တဲ့သဘောပဲ၊အင်တာပိုအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော် ရှိတယ်၊ကုလသမဂ္ဂပြီးရင် အကြီးဆုံးပဲ၊ အဲ့ဒီတော့ အင်တာပိုအဖွဲ့ကနေ အဖွဲ့ဝင်နိုင်ငံအားလုံးကို အင်တာပို စက်တွေကနေ အကုန် ဖြန့်ထဲ့လိုက်တာ။ ဖြန့်ထဲ့လိုက်လို့ သူ့ကို သိပြီ ပေါ်ပေါက်လာပြီဆိုတာနဲ့ တပြိုင်နက် သက်ဆိုင်ရာနိုင်ငံကနေ ဖမ်းဆီးပြီးတော့ ငါတို့နိုင်ငံမှာတော့ သူနဲ့ တွေ့တာ ဘယ်လိုဖြစ်တယ်၊ ဘယ်မှာတော့ ဘယ်လိုဖြစ်တယ်၊ အကုန်လုံး ဖမ်းဆီးပြီးတာနဲ့ အင်တာပိုစက်က ၂၄နာရီ ပတ်လုံး အဲ့ဒီနိုင်ငံတွေမှာ ထိုင်နေတာတွေ ရှိတယ်။ ကျနောတို့ဆီမှာလည်း ရှိတယ်။အဲ့ဒါတွေနဲ့ ချက်ခြင်း သတင်းတွေ ဖလှယ်ပြီး အကြောင်းပြန်ကြားပြီး အကုန် လုပ်တာပဲ၊”
တရားလွှတ်တော် ရှေ့နေဦးကိုနီကို လုပ်ကြံဖို့ ငွေကျပ်သိန်း ၁၀၀၀ နဲ့ စေခိုင်းသူမှာ တပ်မတော်မှာ ဒုဗိုလ်မှူးကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အောင်ဝင်းခိုင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီလ လယ်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။











