DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီပိုဆန်သည့် ရွေးကောက်ပွဲများဖြစ်ရန် ဥပဒေမူဘောင်များ ပြောင်းလဲရန်လို
DVB
·
April 10, 2017
ဒီမိုကရေစီပိုဆန်သည့် ရွေးကောက်ပွဲများဖြစ်ရန် ဥပဒေမူဘောင်များ ပြောင်းလဲရန်လို
Donate to DVB

 

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကို ဒီမိုကရေစီပိုဆန်တဲ့ ရွေးကောက်ပွဲဖြစ်ချင်တယ်ဆိုရင် ဥပဒေမူဘောင်တွေ ပြုပြင်ပြောင်းလဲဖို့ လိုသေးတယ်လို့ ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက်စာရင် ပွင့်လင်းမြင်သာမှု ပိုမြင့်လာတယ်လို့ ပြောလို့ရပေမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ဒီမိုကရေစီပိုဆန်တဲ့ ရွေးကောက်ပွဲ ဖြစ်ချင်တယ်ဆိုရင်တော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေ မူဘောင်တွေ ပြင်ဖို့လိုသေးတယ်လို့ ယုံကြည်ရသော ရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းလှုပ်ရှားမှုအဖွဲ့က ဦးစိုင်းရဲကျော်စွာမြင့်က ပြောလိုက်တာပါ။

ဧပြီ ၁၀ ရက်နေ့က ပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ မီဒီယာတွေ တွေ့ဆုံပွဲမှာ ပြောဆိုလိုက်ပါတယ်။

"၂၀၁၅ နဲ့ ၂၀၁၇ မှာဆို ပွင့်လင်းမြင်သာမှုကတော့ မြင့်လာတယ်လို့ အကြမ်းဖျင်းပြောလို့ရတယ်။ ၂၀၂၀ မှာ ရွေးကောက်ပွဲက ဒီမိုကရေစီပိုဆန်တဲ့ ရွေးကောက်ပွဲ ဖြစ်ချင်တယ်ဆိုရင်တော့ ဒီဥပဒေမူဘောင်တွေ ပြုပြင်ပြောင်းလဲဖို့ လိုသေးတယ်ဆိုတာ ကော်မရှင်ကလည်း အသိအမှတ်ပြုတယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း အသိအမှတ်ပြုတယ်။ ဒါကို ဘယ်လိုပေါင်းလုပ်မလဲဆိုတာ စဉ်းစားရမယ့်အချက်" လို့ ဆိုပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲဥပဒေကလွဲရင် ကျန်တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေငါးခုမှာ ဥပဒေတွေကို ကြီးကြီးမားမား ပြင်ဆင်ထားတာမရှိဘဲ လုပ်ထုံးလုပ်နည်းလေးတွေ ပြင်ဆင်ထားတာပဲ ရှိတယ်လို့လည်း ပြောပါတယ်။

“ပွင့်လင်းမြင်သာမှုအရ ပြောရမယ်ဆိုရင် ဒီထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိရင်တော့ ပိုကောင်းတာပေါ့။ ဥပမာ ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အချိန်ဇယား တိတိကျကျထွက်လာရင် နိုင်ငံရေးကစားလို့ မရဘူး။ ဒါမျိုျးေတွက နောက်ထပ် ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ လိုသေးတာရှိတယ်။ နောက်တခါ ကော်မရှင်ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ဒီထက်ပိုပြီး တာဝန်ခံတဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ လိုသေးတယ်" လို့ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

၂၀၁၅ မှာ မဲစာရင်းနဲ့ပတ်သက်ပြီး ကော်မရှင်ကိုယ်တိုင် ပြဿနာရှိတယ်လို့ ဝန်ခံတာရှိသလို ၂၀၁၆ နိုဝင်ဘာမှာ ကော်မရှင်က တအိမ်တက်ဆင်း မဲစာရင်းကောက်နေပေမယ့် အားနည်းချက်တွေ ရှိနေတုန်းပဲလို့လည်း ဆိုပါတယ်။

ဒါကိုလည်း ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်သေးတဲ့အတွက် ဘယ်လိုအဖြေရှာမလဲဆိုတာ အရေးကြီးတယ်လို့ ပြောပါတယ်။

"မဲစာရင်းမှာ မဲမပါဘူးဆို လုပ်ထုံးလုပ်နည်းအရ၊ စီမံခန့်ခွဲမှုအရ မဲပေးပိုင်ခွင့်ရှိရဲ့သားနဲ့ မဲစာရင်းမှာ မပါတဲ့အတွက် မဲပေးလို့ မရဘူး။ ရွေးကောက်ပွဲ ဥပဒေတွေဟာ နိုင်ငံသားဖြစ်ပစေဦးတော့ မဲစာရင်းမှာ နာမည်ပါရမယ်။ အဲဒါမှ မဲပေးလို့ရတာကို။ ဆိုတော့ ဒီလုပ်ထုံးလုပ်နည်းတွေကို ပြုပြင်ပြောင်းလဲဖို့ လိုဦးမယ်။ ကော်မရှင်အနေနဲ့ရော ဒါကို ဘယ်လိုအဖြေရှာမလဲဆိုတာ အခု ၂၀၁၇ ရောက်နေပြီ၊ ၂၀၁၉ ဆို ရွေးကောက်ပွဲနှစ်ထဲကို ပြောင်းသွားပြီ။ ဒီ ၂ နှစ်အတွင်းမှာ ကော်မရှင်အနေနဲ့ မဲစာရင်းမှန်ကန်အောင် ဘယ်လိုလုပ်မလဲ အဖြေရှာဖို့လိုမယ်။ ဥပဒေမူဘောင်နဲ့ ပတ်သက်ရင် ပြောစရာတွေ အများကြီးပဲ" လို့ ဆိုပါတယ်။

ဒါ့အပြင် တနေရာနဲ့တနေရာ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် မညီမျှတာကိုလည်း ဥပဒေမူဘောင်တွေ ပြုပြင်ပြောင်းလဲဖို့ လိုသေးသလို ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ပြင်ဖို့လိုတယ်လို့ ပြောပါတယ်။

"ကော်မရှင်ဟာ စိတ်ထားဘယ်လောက်ပဲ ကောင်းစေဦးတော့ ဥပဒေမူဘောင်တွေက ကော်မရှင်ကို ဘက်လိုက်တယ်လို့ မြင်စရာအကြောင်း ဖြစ်နေတာကို။ ဥပဒေမူဘောင်ထဲ ပါဝင်နေတဲ့ ကော်မရှင်တွေ ကိုယ်တိုင်ကလည်း စိတ်ထားကောင်းတယ်၊ ပြောင်းလဲချင်တယ်။ ဒါပေမယ့် ဥပဒေမူဘောင် ကိုယ်တိုင်ကလည်း အဲလိုဟာမျိုး အခွင့်အရေးပေးတယ်ဆို ဘယ်နိုင်ငံရေးပါတီကမှ ဒီကော်မရှင်ဟာ ဘယ်ပါတီကိုပဲ ကော်မရှင်တိုင်း ကော်မရှင်တိုင်းဟာ အာဏာရပါတီဘက်ကိုပဲ ဘက်လိုက်နိုင်တယ်လို့ အကြောင်းပြချက်ကို ပြောစရာဖြစ်ရော။ ဘာလို့လဲဆို ဥပဒေမူဘောင်ကိုယ်တိုင်က ပွင့်လင်း မြင်သာတဲ့ ဥပဒေ၊ တာဝန်ခံတဲ့ဥပဒေမျိုး မဟုတ်ဘဲ " လို့ ဦးစိုင်းရဲကျော်စွာမြင့်က ဆိုပါတယ်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနဲ့ယှဉ်ရင် အများကြီးကောင်းလာတာတွေ့ရပေမယ့် ၂၀၂၀ အတွက်ကတော့ ပြုပြင်ပြောင်းလဲဖို့ လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013