DVB Logo
Home
Lead Story
ဒုံးကျည်နဲ့များ ကစားနေလေရော့သလား
DVB
·
April 10, 2017
ဒုံးကျည်နဲ့များ ကစားနေလေရော့သလား
Donate to DVB

 

ဒီကနေ့ မြောက်ကိုရီးယားနိုင်ငံအကြောင်း ပြောရင် သူ့ရဲ့ ဒုံးကျည်စမ်းသပ်မှု အကြောင်းတွေ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ အီးယူနိုင်ငံတွေရဲ့ ကန့်ကွက်ပြောဆိုမှု၊ အရေးယူပိတ်ဆို့မှုတွေပါ ပါလာ၊ ထည့်ပြီး ပြောဆိုလာရတာ ကြာပါပြီ။ မြောက်ကိုရီးယားနဲ့ ဒုံးကျည်၊ ဒုံးကျည်နဲ့ မြောက်ကိုရီးယား လုံးချာလည် လိုက်နေတော့တာပဲ လို့ ပြောရင် မမှားလောက်ဘူး ထင်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံကလည်း ပြည်သူလူထုတွေ စားသောက်ရေး အခက်အခဲ အကျပ်အတည်းတွေနဲ့ တွေ့ကြုံနေရလို့ တောင်ကိုရီးယား အပါအဝင် ကမ္ဘာ့နိုင်ငံတွေက အကူအညီ အထောက်အပံ့တွေ ပေးနေရတဲ့ အခြေအနေအောက်မှာကိုပဲ တာတိုပစ်၊ တာလတ်ပစ် တိုက်ချင်းပစ် ဒုံးစမ်းသပ်မှုတွေကို စဉ်ဆက်မပြတ် လုပ်ခဲ့တယ်လို့ ပြောရမှာပါပဲ။

ဒုံးကျည်စမ်းသပ်မှု လုပ်လိုက်၊ အရေးယူပိတ်ဆို့မှု လုပ်လိုက်၊ စမ်းသပ်မှုတွေ ရပ်ပေးလိုက်၊ ပြန်ပြီး ထောက်ပံ့လုပ်လိုက်၊ တခါ ပြန်စမ်းသပ်ပစ်ခတ်မှုတွေ လုပ်လိုက်၊ ပြန်အရေးယူ ဒဏ်ခတ်မှုတွေ လုပ်လိုက်၊ ဒုံးကျည်နဲ့ ခြိမ်းခြောက် အလျှော့အတင်းလုပ်ပြီး နိုင်ငံတကာ အကူအညီ ရယူဖို့ ကြိုးစားနေတာများလား၊ ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုနဲ့များ ကစားနေသလားလို့တောင် ယူဆနေရပါတယ်။

ဒုံးကျည် စမ်းသပ်မှုကို ၁၉၉၃ ခုနှစ် မေလ ၂၉/၃၀ က တာလတ်ပစ် တိုက်ချင်းပစ်ဒုံးကျည် နိုဒေါင်းကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး နောက် ၆ နှစ်အကြာ ၁၉၉၉ ခုနှစ်မှာတော့ တာဝေးပစ် ဒုံးကျည်စမ်းသပ်မှုကို ရပ်ဆိုင်ထားဖို့ သဘောတူညီခဲ့တာ တွေ့ရပါတယ်။ ၂၀၀၂ ခုနှစ်မှာတော့ ဒုံးကျည်စမ်းသပ်မှုတွေကို အချိန်တိုးချဲ့ပြီး၂၀၀၃ ခုနှစ်လွန်ကာလအထိ ရပ်ဆိုင်းထားရေးကို တင်သွင်းကတိပေးခဲ့ပါတယ်။

၂၀၀၄ ခုနှစ်မှာလည်း ဒုံးကျည်စမ်းသပ်မှုတွေ ရပ်ဆိုင်းထားရေးကို မြောက်ကိုရီးယားနိုင်ငံက ပြန်ပြီးအတည်ပြုပေးခဲ့ပါတယ်။ အဲဒီလို အတည်ပြုပေးပြီး နောက်တနှစ် ၂၀၀၅ ခုနှစ်မှာတော့ မြောက်ကိုရီးယားနိုင်ငံက တာတိုပစ် ဒုံးကျည်တခုကို စမ်းသပ်ပစ်ခတ်ခဲ့လို့ ဂျပန်ပင်လယ်ပြင်ထဲကို ကျရောက်ခဲ့လို့ ဂျပန်နိုင်ငံက ကန့်ကွက်ပြစ်တင်ခဲ့လို့ ၂ နိုင်ငံအကြား ဆက်ဆံရေးတင်းမာခဲ့ပါတယ်။

ဆက်တိုက်ဆိုသလို ၂၀၀၆ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှာလည်း တေပိုဒေါင် ၂ ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် စမ်းသပ်မှု မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။ မကြာခင်မှာပဲ မြောက်ကိုရီးယားနိုင်ငံက ဂျပန်ပင်လယ်ပြင်ထဲကို တာတိုပစ် ဒုံးကျည်တခု ထပ်ပစ်ခတ်ခဲ့ပါသေးတယ်။ ဂျပန်နိုင်ငံကတော့ ကန့်ကွက်ပြစ်တင် သတိပေးတာပဲ လုပ်ခဲ့ပါတယ်။

တခါ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ ဒုံးကျည်စမ်းသပ်မှုကို မြောက်ကိုရီးယားက ထပ်လုပ်ပြန်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်မှာတော့ ကွမ်မြောင်ဆွန်-၃ ဂြိုဟ်တုနဲ့ သုံးဆင့်ဒုံးကျည်ကို အောင်အောင်မြင်မြင် စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် မေလ ၁၈-၂၀ ၂၀၁၃ ကိုရီးယား ဘေးကျပ်နံကျပ် ကာလရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ကာလမှာ ဒုံးပျံစမ်းသပ်မှုတွေကို မြောက်ကိုရီးယားက ထပ်ပြီးလုပ်ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ် မတ်လမှာလည်း နိုဒေါင်း အပါအဝင် ဒုံးကျည်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့သလို စမ်းသပ်မှု အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ် မေလမှာကတော့ ရေငုပ်သင်္ဘောကနေ ဒုံးကျည်တစင်း ပစ်ခတ်စမ်းသပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာလည်း ကွမ်မြောင်ဆွန်-၄ ဂြိုဟ်တုကို အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီလမှာတော့ တိုက်ချင်းပစ် ဒုံးကျည်အတွက် တီထွင်ထားတဲ့ စက်ကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီလို စမ်းသပ်မှုတွေ ဆက်တိုက်လုပ်အပြီး ၂၀၁၆ ခုနှစ် သြဂုတ်လမှာတော့ အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်နိုင်တဲ့ ဒုံးကျည်တစင်းကို ပစ်လွှတ်စမ်းသပ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာလည်း ပတ်ဂူဆောင်-၂ ဒုံးကျည် တစင်းကို ဂျပန်ပင်လယ်ပေါ်ကို စမ်းသပ်ပစ်ခတ်ခဲ့ပြီး ဒါဟာ တာလတ်ပစ် ဒုံးကျည် အမျိုးအစားအသစ် တခုကို ပထမဆုံး စမ်းသပ်ပစ်ခတ်လိုက်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ မြောက်ကိုရီးယားနိုင်ငံက နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာရှိတဲ့ တောင်ချောင်ရီ ဒုံးပစ်စခန်းကနေပြီး တိုက်ချင်းပစ် ဒုံးကျည် ၄ စင်းကို ၂၀၁၇ ခုနှစ် မတ်လ ၆ ရက်နေ့မှာ ပစ်လွှတ်ခဲ့တာပါ။ တချို့ဒုံးကျည်တွေက ဂျပန်ပင်လယ်ပြင်ထဲ မကျခင် မိုင် ၆၂၀ လောက် ပျံသန်းနိုင်ခဲ့တာဖြစ်တဲ့အတွက် အစွမ်းထက်တဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေလို့ ပြောရမှာပါပဲ။ မဟာအင်အားကြီးနိုင်ငံ အမေရိကန်ကိုတောင် ပြာကျသွားချင်သလားလို့ လှမ်းပြောခဲ့တော့ နိုင်ငံငယ်ပေမယ့် လက်နက်အင်အားအရတော့ အန္တရာယ်ပေးနိုင်တယ်လို့ သတိပေးတာ ဖြစ်ယ့် ဂျပန်ပင်လယ်ပြင်ထဲကို စမ်းသပ်ပစ်ခတ်တာတွေကို ထပ်တလဲလဲ လုပ်နေတော့ သက်သက်များ ရန်စနေသလားလို့ ဂျပန်နိုင်ငံဘက်က စဉ်းစားမယ် ဆိုရင်လည်း စဉ်းစားနိုင်တဲ့ အခြေအနေလို့ ပြောရမှာပါပဲ။

မြောက်ကိုရီးယားနိုင်ငံရဲ့အရှေ့ဘက်ဆိပ်ကမ်း ဆင်ပိုကနေ ဧပြီလ ၄ ရက်နေ့က ဂျပန်ပင်လယ်ပြင်ထဲကို ပစ်လွှတ်လိုက်တဲ့ တာလတ်ပစ်ဒုံးကျည်တစင်းကတော့ ပူပူနွေးနွေး ပစ်ခတ်စမ်းသပ်မှုလို့ပဲ ပြောရမှာုဖစ်ပါတယ်။

ခု ကျနော် တင်ပြခဲ့တာတွေကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ၂၀၁၇ ခုနှစ် ဧပြီလဆန်းအထိ  ဒုံးကျည်စမ်းသပ်မှုတွေပဲ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း အငြင်းပွား ဆူပွက်သွားခဲ့တဲ့ ဟိုက်ဒြိုဂျင်ဗုံး စမ်းသပ်မှုလုပ်ပြီး တလလောက်အတွင်း ဖေဖော်ဝါရီလ ၇ ရက်နေ့က မြောက်ကိုရီးယားနိုင်ငံက ကမ္ဘာပတ်လမ်းကြောင်းထဲကို ဂြိုဟ်တုတလုံး လွှတ်တင်နိုင်ခဲ့တယ်လို့ ကြေညာခဲ့တဲ့အတွက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ရော့ကက်တွေ မပစ်လွှတ်ဖို့နဲ့ တကယ်လို့ ပစ်လွှတ်ခဲ့တာက ဂျပန်နိုင်ငံရဲ့ ပိုင်နက်နယ်မြေကို ကျူးကျော်လာတယ်ဆိုရင် ပစ်ချရလိမ့်မယ်လို့ သတိပေးခဲ့ရပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားနိုင်ငံကတော့ သူတို့ လွှတ်တင်တဲ့ ဂြိုဟ်တုဟာ ငြိမ်းချမ်းရေးနဲ့ သိပ္ပံပညာဆိုင်ရာ ရည်ရွယ်ချက်တွေနဲ့သာ ဖြစ်တယ်လို့ တုံ့ပြန်ပြီး ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုတွေကို ဆက်လက်ပြုလုပ်နေဆဲပါပဲ။ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကတော့ မြောက်ကိုရီးယားဟာ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဂြိုဟ်တု လွှတ်တင်တာ ဖြစ်တယ်လို့ ဟန်ပြပြီး တိုက်ချင်းပစ်ဒုံးကျည်တွေ ပစ်ခတ် စမ်းသပ်နေတာ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့ကြ၊ ကန့်ကွက်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားကို ထောက်ခံ အားပေးနေတဲ့ တရုတ်နိုင်ငံကလည်း ဒုံးကျည်နဲ့ ဂြိုဟ်တု လွှတ်တင်မှုတွေကို ဝေဖန်ပြောဆို လိုက်ပေမယ့် သက်ဆိုင်ရာနိုင်ငံတွေကို ကိုရီးယားကျွန်းဆွယ်မှာ ဆက်ဆံရေးတင်းမာမှုတွေ မြင့်တက်လာနိုင်တဲ့အတွက် အရေးယူ ဆောင်ရွက်တာတွေကို ရှောင်ရှားဖို့ ပြောဆိုခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် တိုက်ချင်းပစ်ဒုံးကျည်တွေ စမ်းသပ်၊ နျူကလီယားလက်နက် တင်ဆောင်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေ ထုတ်လုပ် စမ်းသပ်ပစ်ခတ်နေတာကတော့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာနိုင်တယ်လို့ ပြောရမှာပါပဲ။ လူသတ်လက်နက်တွေ ထပ်ပြီး ထုတ်လုပ်နေတာ၊ အသုံးပြုနေတာတွေကိုတော့ ကျနော်တို့ ဆန့်ကျင်ကန့်ကွက်ကြရမယ့်ကိစ္စလို့ ယုံကြည်ပါတယ်။

စကားစပ်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ တစာစာ အော်နေတဲ့အချိန်မှာ မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့မှာ  ၂၁ ရာစု စစ်ပွဲတွေကို တိုက်ခိုက်နိုင်တဲ့ တပ်မတော်ဖြစ်ဖို့ ကြိုးစားဖို့ ပြောတာကတော့ အမြင်မတော် အကြားမတော်တဲ့ ကိစ္စလို့ ပြောရမှာပါပဲ။ ဘယ်သူတွေနဲ့များ စစ်ပွဲဆင်နွှဲဖို့ တွေးတော စဉ်းစားနေတာပါလဲ။

စစ်ပွဲတွေ ရပ်ဆိုင်းသွားဖို့ ပြည်သူတွေ အင်အားပြကြ၊ သုံးကြဖို့ လိုမယ် ထင်ပါတယ်။     

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013