DVB Logo
Home
မြန်မာသတင်း
လိုင်စင်မဲ့ကား စီနင်းသည့် ရဲစခန်းမှူးနှင့် နယ်ထိန်းခေါင်းဆောင်တို့ကို အမှုဖွင့်အရေးယူ
DVB
·
April 10, 2017
Donate to DVB

လိုင်စင်မဲ့မော်တော်ယာဉ်တွေ လက်ဝယ်ထားရှိစီးနင်းနေတဲ့ ထန်းတပင်မြို့နယ် ဇရပ်ကြီးနယ်မြေ ရဲစခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်တို့ ၂ ဦးကို သွင်းကုန်ပို့ကုန် ဥပဒေပုဒ်မ ၈ နဲ့ ဧပြီလ ၈ ရက်နေ့ ညနေပိုင်းက အမှုဖွင့်ဖမ်းဆီးအရေးယူထားတယ်လို့ တောင်ငူခရိုင် ရဲတပ်ဖွဲ့က သိရပါတယ်။

ပဲခူးတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရဲ့ ညွှန်ကြားချက်အရ တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သန်းထွန်း ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ထန်းတပင်မြို့နယ် ဇရပ်ကြီးနယ်မြေရဲစခန်းကို ဧပြီ ၈ ရက်မနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ရာ စခန်းစစ်ရေးပြကွင်းဘေးမှာရပ်တန့်ထားတဲ့ စခန်းမှူး ရဲအုပ်နိုင်စိုးဦး ဝယ်ယူ စီးနင်းနေတဲ့ 2D/4048 ယာဉ်နံပါတ်တပ် Honda Stream အဖြူရောင် ယာဉ်နဲ့ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်စိုးမြင့်ဦး ဝယ်ယူစီးနင်းနေတဲ့ 5D/1851 နံပါတ်တပ် မတ်တူးအဖြူရောင် ယာဉ်တို့ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့တာလို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

“အမှုဖွင့်ထားတာက ဟုတ်ပါတယ်။ ကျနော်က ညနေပိုင်းမှ ရောက်လာပြီး စခန်းမှူး တာဝန်ယူရတာပါ။ ပုဒ်မက ဇရပ်ကြီးနယ်မြေရဲစခန်း (ပ)၃၃/၂၀၁၇၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ-၈ နဲ့ အမှုဖွင့်ထားပါတယ်။ သူတို့ကလည်း ဝယ်ယူစီးနင်းတယ်ဆိုတာ ဝန်ခံတယ်လေ၊ အဲ့နေ့ထဲက ဒီမှာ အမှုဖွင့်တယ်။ သူတို့ကိုတော့ တောင်ငူမြို့မစခန်းမှာ ချုပ်ထားပါတယ်”လို့ လက်ရှိ ဇရပ်ကြီးနယ်မြေရဲစခန်းမှူး ရဲအုပ်သောင်းကြည်က ပြောတယ်။

“ပို့သွင်း ၈ နဲ့ အရေးယူထားတာက တပိုင်းပေါ့နော်။ တပ်ဖွဲ့ဝင်တွေ ဖြစ်နေတာကြောင့် ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူဖို့ရာအတွက် လောလောဆယ် သက်သေခံအကျဉ်းချုပ် ရေးသွင်းတာတွေလုပ်ပြီး စစ်ဆေးနေတယ်”လို့ တောင်ငူမြို့နယ် တာဝန်ရှိ ရဲအရှာရှိတ ၁ ဦးက ပြောပါတယ်။

သတင်း - သားကြီး(တောင်ငူ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013