DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်လမ်းညွန်အခြေခံမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတည်ပြု
DVB
·
April 10, 2017
ဖက်ဒရယ်လမ်းညွန်အခြေခံမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတည်ပြု
Donate to DVB

 

အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ အခြေခံရမယ့် လမ်းညွန်အခြေခံမူတွေနဲ့ ပင်လုံလက်စွဲ စာတမ်းကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက အတည်ပြုလိုက်ပါ တယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာမနေ့က ကျင်းပပြီးစီးသွားတဲ့  တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲအစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ အစည်းအဝေးကနေ  အတည်ပြုနိုင်ခဲ့တာလို့ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးမှာ ပြီးခဲ့တဲ့ ကချင်ပြည်နယ် မိုင်ဂျာယန်မှာပြုလုပ်တဲ့ မျာနာစုံညီ အစည်းအဝေးက ရလဒ်တွေကို အခြေခံပြီး ရှေ့လုပ်ငန်းစဉ်ကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာမှာအခြေခံတဲ့ လမ်းညွန်အခြေခံမှုတွေ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရန်ပုံငွေ ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ဆိုင်ရာကိစ္စ ၊ ကြားကာလ အစီအစဉ်များ ဆိုင်ရာ မူဝါဒကိစ္စတွေကိုလည်း အစည်းအဝေးမှာ တည်ပြု သဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။

ပင်လုံလက်စွဲ၊ ကာကွယ်ရေးနဲ့ ဖယ်ဒရယ်မူကိစ္စတွေကို အခြေခံအားဖြစ်ဆွေးနွေးနိုင်ပေမယ့် ပြင်ဆင်ဖြစ်စွက်ဖို့ အချက်တွေရှိတယ်လို့ ယူအန်အက်ဖ်စီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာကပြောပါတယ်။

ဒါ့အပြင် လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖြုတ်သိမ်းရေးနဲ့ ပြန်လည် ပေါင်းစည်းရေး DDRနဲ့ SSR လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ကိစ္စတွေလည်း တပ်ပိုင်းက ယုံကြည်မှုရှိဖို့ လိုတယ်လို့ ဆိုပါတယ်။

ယူအန်အက်ဖ်စီ ဒု-ဥက္ကဋ္ဌ နိုင်ဟံသာက “အနာဂတ်မှာ DDR/SSR လို့ ပြောနေပေမယ့် တဖက်က DDR ကြီးပဲလည်း အန်ကယ်တို့ လက်မခံနိုင်ဘူး။ SSR ရှိဖို့လည်းလိုတယ်။ သဘောကတော့ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ နောက်ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ပေါ်လာဖို့ဆိုတဲ့နေရာမှာ တပ်ပိုင်းဆိုင်ရာမှာ အရေးကြီးပါမယ်။ တဖက်က တပ်ပိုင်းဆိုင်ရာမှာ ယုံကြည်မှုမရှိကြဘူးဆိုရင် အဲဒါကလည်း အန္တရာယ်ရှိလာနိုင်မယ်။ တကယ်လို့ လွယ်လွယ်နဲ့ ဆုံးဖြတ်ပေးလိုက်ရင် တပ်ကိုပေးလိုက်ပြီး တပ်အင်အားကို အသုံးပြုပြီးမှ ကိုယ့်ကို ဖိနှိပ်လာရင် ဘယ့်နှယ့်လုပ်မလဲ။ ဒါတွေ စဉ်းစားဖို့ လိုတာပေါ့”

တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကို တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ခုလို လုပ်ဆောင်တာလို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ  ဦးသံခဲကပြောပါတယ်။

“သမိုင်းရေးဆိုင်ရာအရ ပင်လုံပေါ်မှာ မှတ်တမ်းတွေဟာ ခိုင်ခိုင်မာမာရှိဖို့လိုတာကို ကျနော်တို့ ခိုင်မာတဲ့ မှတ်တမ်းတွေအဖြစ် ပြန်လည်ပြုစုတယ်။ ဒုတိယတခုက ဒီအပေါ်မှာ ပင်လုံစိတ်ဓာတ်နဲ့အတူ ပင်လုံသဘောတူညီချက်တွေအတိုင်း တိုင်းပြည်ကို အတူတကွ ပြန်လည်တည်ဆောက်မယ်။ နောက်ပြီးတဲ့ အခါကြတော့ သဘောတူညီချက်တွေ တိုင်းရင်းသားတွေ ကြားထဲမှာ တန်းတူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကိုတည်ဆောက်မယ်ဆိုတဲ့ ကျနော်တို့ ယူဆချက်တွေဟာ အားလုံးရဲ့ စုစည်းချက်တွေလို့ ပြောပါတယ်”

တနိုင်ငံလုံးအပစ်ရပ်စာချုပ် အန်စီအေမှာ လက်မှတ်ရေးထိုးခြင်း မရှိသေးတဲ့ အဖွဲ့တွေအနေနဲ့ အစိုးရနဲ့ လက်မှတ်ထိုးနိုင်ရေးအတွက်နဲ့ မကြာခင် ကျင်းပတော့မယ့် ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး တန်းတူရည်တူ ဂုဏ်သိက္ခာ ရှိရှိ တက်ရောက်နိုင်အရေး အတူကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန် ထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင် အစည်းအဝေးကို ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဧပြီ ၈ ရက်နဲ့ ၉ ရက်တွေမှာ ကျင်းပခဲ့ပြီး  လက်မှတ်ထိုးတဲ့ အဖွဲ့တွေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက ခေါင်းဆောင် ကိုယ်စားလှယ် ၆၀ ကျော် တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013