DVB Logo
Home
မြန်မာသတင်း
လူမှုရေးကိစ္စ မကျေနပ်ရာမှ ဓားဖြင့် ထိုးသူ ကိုယ်တိုင်လာရောက်အဖမ်းခံ
DVB
·
April 10, 2017
Donate to DVB

ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ခလောက်အင်းရပ်ကွက်မှာ ဧပြီလ ၈ ရက်နေ့၊ နေ့လယ် ၁၂ နာရီခွဲအချိန်က လူမှုရေးကိစ္စ မကျေနပ်တဲ့အတွက် ဓားထိုးမှုဖြစ်ခဲ့ပြီး ရဲစခန်းတွင် ကိုယ်တိုင် လာရောက် အဖမ်းခံခဲ့တယ်လို့ ပေါင်မြို့မရဲစခန်းက သိရပါတယ်။

“ဧပြီ ၈ ရက်နေ့၊ နေ့လယ် ၁၂ နာရီခွဲအချိန်က ဇင်းကျိုက်မြို့၊ နယ်မြေ(၂)၊ ဖလပ်ရပ်ကွက်နေ ဦးဌေးနိုင်(၃၃-နှစ်)က ရဲစခန်းကို ရောက်ရှိလာပြီး ၎င်းဟာ ဇင်းကျိုက်မြို့၊ ခလောက်အင်းရပ်ကွက်၊ နယ်မြေ(၁)၊ ခတ္တာလမ်းသွယ်နေ ကျပန်းလုပ်သူ မအေးအေးအောင်(၂၈-နှစ်) ကို နေ့လယ် ၁၂ နာရီဝန်းကျင် အချိန်လောက်က လူမှုရေးကိစ္စ မကျေနပ်တဲ့အတွက် အရိုး ၈ လက်မ၊ အသွား ၁၂ ဒသမ ၅ လက်မ၊ အရှည် ၂၀ ဒသမ ၅ လက်မရှိသော ဓားဦးချွန်နဲ့ ၂ ချက်ထိုးခဲ့ပြီး အနီးရှိ ကိုသားကြီးဆိုသူရဲ့ အိမ်ရှေ့ကို လွှင့်ပစ်ကာ ရဲစခန်းကို လာရောက် အဖမ်းခံခဲ့တာဖြစ်ပါတယ်။ မအေးအေးအောင်မှာ ဝဲလက်မောင်း ၁ လက်မခန့် ပြတ်ရှဒဏ်ရာ တချက်၊၊ ဝဲဘတ်ခါးဆစ်ရိုးဘေး ထိုးသွင်းဒဏ်ရာ တချက် ရရှိခဲ့ကာ မှုခင်းဆေးစာဖြင့် ပေါင်မြို့နယ် ပြည်သူ့ဆေးရုံကို တင်ပို့ခဲ့ရာ ပေါင်ဆေးရုံကတဆင့် မော်လမြိုင်ဆေးရုံကို တင်ပို့ခဲ့ရတယ်”လို့ ပေါင်မြို့မ ရဲစခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျမတို့မိသားစုတွေ အိမ်ထဲမှာရှိနေတုန်း သူက ဆိုင်ကယ်နဲ့ ဝင်လာပါတယ်။ အိမ်ထဲမှာက ကလေးတွေ သင်္ကြန်ဆော့ဖို့ ခေါင်း ဆေးဆိုးနေကြတုန်း ဘာမပြောညာမပြောနဲ့ အေးအောင်ရဲ့ လည်ပင်းကို အနောက်က ဖက်ပြီး ဓားနဲ့ဝင်ထိုးတာပါ။ အရင်တုန်းက သူတို့နှစ်ယောက်က ခိုးရာ လိုက်ပြေးဖူးတယ်။ ဖြစ်တဲ့အချိန် ဝင်ဆွဲဖို့ဆိုတာက ကလေးငယ်တွေနဲ့မို့ပါ။ အားလုံးကလည်း စနေတာထင်ပြီး အံ့အားသင့်နေကြတယ်။ ကျမက အပြင်ပြေးထွက်ပြီး ကယ်ကြပါဦးလို့ အော်ပြောမှ ဓားကြီးကိုင်ပြီး အိမ်ပေါ်က ပြေးဆင်းသွားပါတယ်” လို့ မျက်မြင်တွေ့ရှိခဲ့သူ မအေးမိုးမိုးက ဆိုပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး မအေးအေးအောင်ကို ဒဏ်ရာရရှိအောင် ဓားနဲ့ထိုးခဲ့သူ ဌေးနိုင်ကို ဥပဒေအရ အရေးယူပေးဖို့ ရဲအုပ်အောင်မင်းထွန်းက တရားလိုပြုလုပ်တိုင်တန်းတဲ့အတွက် ပေါင်မြို့မရဲစခန်းက (ပ)၁၇၆/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013