
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ကျောက်တွင်းကျေးရွာမှာ တောတဲတလုံး မီးလောင်ပြီး ၇ လအရွယ် ကလေးငယ်တဦး မီးလောင်သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် မီးသတ်ဦးစီးဌာနမှ သိရှိရပါတယ်။
သာယာဝတီခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းဦးက “ကျနော်တို့ မီးလောင်မှုကို စုံစမ်းရာမှာ ဧပြီ ၉ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က တဲပိုင်ရှင်ဖြစ်တဲ့ ဒေါ်သန်းသန်းချိုက ပြင်ပကို သွားပြီး အလုပ်လုပ်နေတဲ့အချိန်မှာ တဲအတွင်းက မီးဖိုရဲ့ မီးကြွင်းမီးကျန်က တဆင့် မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီတဲပိုင်ရှင် ဒေါ်သန်းသန်းချို ရဲ့ ၇ လ အရွယ် သမီး မိန်းကလေးတဦး မီးလောင်သေဆုံးခဲ့ရတာပါ” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် ၁၀ ပေ ပတ်လည်ရှိတဲ့ မြေစိုက်ထရံကာ သက်ငယ်မိုး တောတဲတလုံး မီးလောင်ခဲ့ပြီး ကလေးငယ်တဦး သေဆုံးခဲ့တဲ့အတွက် မီးပေါ့ဆသူ ဒေါ်သန်းသန်းချို (အသက် ၃၂-နှစ်)ကို သာယာဝတီမြို့မရဲစခန်းမှ (ပ-၄၁၅/၂၀၁၇)နဲ့ အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၂၈၅ အရ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
သတင်း - ဝဏ္ဏထွန်း











