
ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုမှာ စေခိုင်းသူ ၀ရမ်းပြေး အောင်ဝင်းခိုင်ကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို) က အနီရောင်ကြေညာချက် ထုတ်ပြန်ထားတယ်လို့ ရဲတပ်ဖွဲ့က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ဝရမ်းပြေး အောင်ဝင်းခိုင်ကို ဖမ်းမိဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ နိုင်ငံတကာရဲတပ်ဖွဲ့တို့ ချိတ်ဆက်ပြီး ဧပြီ ၇ ရက်မှာ အနိရောင်အဆင့် ထုတ်ပြန်လိုက်တာပါ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က အငြိမ်းစားရဲမှူးချုပ်ဝင်းခေါင်က အနီရောင်ထုတ်ပြန်ချက်ဆိုတာဟာ ဒီလူဟာ ရာဇ၀တ်မှုကျုးလွန်ထားသူဖြစ်လို့ မည်သည့် နိုင်ငံကမှ လက်ခံထားလို့ မရဘဲ နိုင်ငံထဲ တွေ့ပြီ ဆိုတာနဲ့ ဖမ်းပြီး ပြန်ပို့ရမယ်လို့ ဆိုလိုတာဖြစ်တယ်လို့ ပြောပါတယ်။
“အင်တာပိုကနေပြီးတော့ အင်တာပို အဖွဲ့ဝင်နိုင်ငံအချင်းချင်းအတွင်းမှာ သတိပေးထုတ်ပြန်ချက်တွေမှာ ကာလာ သတ်မှတ်ထားတာတွေ ရှိတယ်၊ အနီရောင်ထုတ်ပြန်ချက် အပြာရောင်ထုတ်ပြန်ချက်၊ အ၀ါရောင်ထုတ်ပြန်ချက်၊ အနက်ရောင်ထုတ်ပြန်ချက်၊ အစိမ်းရောင်ထုတ်ပြန်ချက် စသည်အားဖြင့်ပေါ့။ အနီရောင် ထုတ်ပြန်ချက် ဆိုတာက သူသည် ရာဇ၀တ်ပြစ်မှု တခုတခုအတွက်ကို ဒီလို ဒီလိုတွေ အကုန်လုံး ရှိနေတာဖြစ်တဲ့အတွက် အဲ့ဒီလူကို လက်ခံထားပြီးလို့ရှိရင် မည်သည့်နိုင်ငံကမှ လက်ခံလို့ မရဘူး၊ သူ့နိုင်ငံအတွင်းမှာ တွေ့လို့ရှိရင် အကုန်လုံးကို ဖမ်းပြီးတော့ အဲ့ဒီ တရားခံအဖြစ် ပြန်လည်အပ်နှံရတာ၊အဲ့ဒါပဲ။”
အင်တာပိုက အနီရောင် ထုတ်ပြန်လိုက်တဲ့အတွက် တရားခံပြေး အောင်ဝင်းခိုင်ဟာ ရာဇ၀တ်သား တယောက် ဖြစ်သွားတဲ့သဘော သက်ရောက်တယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် နိုင်ငံတကာရဲတပ်ဖွဲ့အသိုင်းအ၀ိုင်းတခုလုံးက အောင်ဝင်းခိုင်ကို လက်မခံဘူး ဆိုတဲ့ သဘောလည်း သက်ရောက်ပါတယ်။
နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုက အရောင်မျိုးစုံသုံးပြီး သတ်မှတ်ထုတ်ပြန်တယ် ဆိုတဲ့အတွက် အနီရောင်အဆင့်သတ်မှတ်ထုတ်ပြန်တယ်ဆိုတာက အမြင့်ဆုံးကို ဆိုလိုတာလား။
အငြိမ်းစားရဲမှူးချုပ်ဝင်းခေါင်က “အမြင့်ဆုံးတွေ ဘာတွေရယ်လို့ မဟုတ်ဘူး၊ သူက ရာဇ၀တ်ပြစ်မှုနဲ့မို့ လက်မခံတာ၊ တချို့ကျတော့ အမျိုးအမည် မသိနိုင်သေးဘူး၊ အချက်အလက်တွေအကုန်လုံး မသိနိုင်သေးဘူး၊ လူ ပျောက်တဲ့ ကြော်ငြာမျိုး ကျလို့ရှိရင် ဘယ်လို ကာလာမျိုး၊ သူက ပျောက်ဆုံးကြောင်း ကြေညာလိုက်တာ။ ဒီလူကို တွေ့လို့ရှိရင် အကြောင်းကြား ကြပါ၊ အဲ့ဒီလို အကြောင်းကြားတာမျိုးက သတ်သတ်၊ အခု ဥစ္စာက သူက ဖမ်းတာ၊ ဖမ်းရမှာ သူက၊ ဖမ်းဆီးပြီးတော့ ပြန်လည်ပို့တာ သူက၊ သူက တဆင့်ပြီး တဆင့် ခုနက ပြောသလို အနီပြီး အနက် ဒီလို သွားတာ မဟုတ်ဘူး၊ သူ့ရဲ့ အုပ်စုတွေအပေါ် မူတည်ပြီး ကာလာ ခွဲထားတာ။”
အခု အင်တာပိုကနေ အနီရောင်ကြေညာလိုက်တယ်ဆိုတာဟာ တနည်းအားဖြင့် နိုင်ငံတကာအသိုင်းအ၀ိုင်းအဆင့် လုပ်ဆောင်လိုက်တာပဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒါပေမယ့် အင်တာပိုကနေ အခုလို သတ်မှတ်ထုတ်ပြန်လိုက်တဲ့အတွက် တရားခံပြေး အောင်ဝင်းခိုင်ကို မိဖို့ နီးစပ်ပြီလို့ ပြောမရဘူးလို့လည်း ရဲမှူးကြီးက ပြောပါတယ်။
“သူ့ကို တကယ်တော့ ၀ရမ်း ထုတ်လိုက်တဲ့သဘောပဲ၊အင်တာပိုအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော် ရှိတယ်၊ကုလသမဂပြီးရင် အကြီးဆုံးပဲ၊အဲ့ဒီတော့ အင်တာပိုအဖွဲ့ကနေ အဖွဲ့ဝင်နိုင်င့အားလုံးကို အင်တာပိုစက်တွေကနေ အကုန် ဖြန့်ထဲ့လိုက်တာ၊ဖြန့်ထဲ့လိုက်လို့ သူ့ကို သိပြီ ပေါ်ပေါက်လာပြီဆိုတာနဲ့ တပြိုင်နက် သက်ဆိုင်ရာနိုင်ငံကနေ ဖမ်းဆီးပြီးတော့ ငါတို့နိုင်ငံမှာတော့ သူနဲ့ တွေ့တာ ဘယ်လိုဖြစ်တယ်၊ဘယ်မှာတော့ ဘယ်လိုဖြစ်တယ်၊အကုန်လုံး ဖမ်းဆီးပြီးတာနဲ့ အင်တာပိုစက်က ၂၄နာရီ ပတ်လုံး အဲ့ဒီနိုင်ငံတွေမှာ ထိုင်နေတာတွေ ရှိတယ်၊ကျနောတို့ဆီမှာလည်း ရှိတယ်။အဲ့ဒါတွေနဲ့ ချက်ခြင်း သတင်းတွေ ဖလှယ်ပြီး အကြောင်းပြန်ကြားပြီး အကုန် လုပ်တာပဲ၊
တရားလွှတ်တော် ရှေ့နေဦးကိုနီကို လုပ်ကြံဖို့ ငွေကျပ်သိန်း ၁၀၀၀ နဲ့ စေခိုင်းသူမှာ တပ်မတော်မှာ ဒုဗိုလ်မှူးကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အောင်ဝင်းခိုင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီလလယ်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။











