DVB Logo
Home
မြန်မာသတင်း

မြင်းခြံတွင် သင်္ကြန်ကာလအတွင်း လုံခြုံရေးများ တင်းကြပ်သွားမည်

DVB
·
April 9, 2017
မြင်းခြံတွင် သင်္ကြန်ကာလအတွင်း လုံခြုံရေးများ တင်းကြပ်သွားမည်
Donate to DVB

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ပေါ်တွင် ၂၀၁၇ မဟာသင်္ကြန်ကာလအတွင်းမှာ အများပြည်သူတွေ စိတ်ချမ်းသာစွာ ပျော်ရွင်စေဖို့အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အရပ်ဘက်အဖွဲ့တွေပူးပေါင်းပြီး လုံခြုံရေး ဆောင်ရွက်သွားမယ်လို့ မြင်းခြံ မြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူး ဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ဌာနဆိုင်ရာ အဖွဲ့အစည်းတွေဖြစ်ကြတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ မြင်းခြံ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ၊ မြို့နယ်ရဲစခန်းက တာဝန်ရှိသူတွေနဲ့ မြင်းခြံမြို့ပေါ်ရှိ ရပ်ကွက် (၂၀) က အုပ်ချုပ်ရေးမှူးတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတို့ ပူးပေါင်းပြီး သင်္ကြန်တွင်း ကြိုတင်ကာကွယ်မှုတွေ စီမံဆောင်ရွက်ရေးမှုများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။

အဖွဲ့အစည်းတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ မြင်းခြံမြို့ပေါ်ရှိ အဓိကကျတဲ့ နေရာတွေကို အထူးဦးစားပေး လုံခြုံရေးယူသွားမှာဖြစ်ပြီး စွန်းလွန်းရပ်ကွက်ရှိ ဒဏ္ဍရီလမ်းဆုံ၊ စွန်းလွန်းတံတားထိပ်၊ ဗဟိုမဏ္ဍပ်၊ ဆန္ဒတော်ပြည့် ဘုရား၊ ဂရိတ်မီးပွိုင့်လမ်းဆုံ၊ လေးပါးသစ္စာဘုရားရှေ့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့၊ တလုပ်လမ်းဆုံ မော်မော်လမ်းထောင့်နဲ့ ဗောဓိတစ်ထောင် လမ်းထောင့်တို့အား အထူးတာဝန်ယူ ဆောင်ရွက်သွားမယ်လို့ ဒုရဲမှူး ၀င်းနိုင်က ပြောပါတယ်။

“ကျနော်တို့ ရဲအဖွဲ့နဲ့အတူ ပူးပေါင်းအဖွဲတွေဟာ သင်္ကြန်ကာလအတွင်းမှာ အများပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အရက်သေစာသာက်စားခြင်း၊ တုတ်၊ ဓား၊ လက်နက်ကိုင်ဆောင်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း၊ ယာဉ်ကျောပိတ်ဆို့မှုကိုဖြစ်စေခြင်းနဲ့ သရုပ်ပျက် ၀တ်စားဆင်ယင် ထားတာတွေကို ထိရောက်တဲ့ အရေးယူမှုတွေနဲ့ လုပ်သွားမှာပါ။ တာဝန်မှူးအဖွဲ့တွေနဲ့အတူ နေ့၊ ည၊ လှည့်ကင်းအဖွဲ့က ကား၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်ပေးနေကြမှာဖြစ်ပြီး ရဲအင်အား ၅၀ အသုံးပြုသွားမှာဖြစ်ပါတယ်။”

မြင်းခြံမြို့ပေါ်မှာ မဟာသင်္ကြန်ပွဲတော်အတွက် ရေကစားမဏ္ဍပ် ဆောက်လုပ်ဖို့ လျှောက်ထားသူဟာ ဦးရေဟာ  ၄ ဦးသာရှိနေပြီး အရင်နှစ်တွေထက် ရေကစားမဏ္ဍပ် နည်းပါးသွား တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က မြင်းခြံမြို့ မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့အတွက် ဗဟိုမဏ္ဍပ်ကို ဆောက်လုပ်စေခဲ့ကာ ကုန်ကျစရိတ်ကိုတော့ မြင်းခြံမြို့ခံ လူထုထည့်ဝင်ငွေနဲ့ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခုနှစ် မဟာသင်္ကြန်ပွဲတော်နဲ့ မြင်းခြံမြို့တည်နှစ် နှစ် ၁၈၀ ပြည့်နဲ့လည်း တိုက်ဆိုင်နေခဲ့တာလည်းဖြစ်ပါတယ်။

ရီရီထွန်း (မြင်းခြံ)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013