DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်တရားမျှတဟု မုံရွာ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ ပြောကြား
DVB
·
April 8, 2017
ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်တရားမျှတဟု မုံရွာ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ ပြောကြား
Donate to DVB

ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မုံရွာမြို့နယ်အနေနဲ့ ၉၅ ရာခိုင်နှုန်းကျော် လွတ်လပ်ပြီး တရားမျှတမှုရှိခဲ့တယ်လို့  ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

ဒီနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲအတွေ့အကြုံ သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲစောင့်ကြည့်ခဲ့တဲ့ မုံရွာအခြေစိုက် ချင်းတွင်းအင်စတီကျု အဖွဲ့က စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဦးစိုးဝင်းဆွေက ပြောကြားခဲ့ပါတယ်။

ဒီပွဲကို တိုင်းဒေသကြီးလွှတ်တော်အမတ် ၂ ဦး၊ အမျိုးသားလွှတ်တော်အမတ်တို့အပြင် ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးညွန့်အောင်လည်း တက်ရောက်ခဲ့ပါတယ်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို ဖိတ်ကြားခဲ့ပေမယ့် လာရောက်ခြင်းမရှိခဲ့ပါဘူး။

ချင်းတွင်းအင်စတီကျုအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အဓိကအားဖြင့် တပ်တွင်းမဲရုံ၊ ကြိုတင်မဲ၊ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ကတိကဝတ်၊ ရွေးကောက်ပွဲနေ့ စောင့်ကြည့်ခြင်း စတဲ့ ၄ ခုကို အဓိကထား စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

တပ်တွင်းမဲရုံတွေ အခြေအနေနဲ့ ပတ်သက်ပြီး စောင့်ကြည့်တဲ့အခါ ထူးခြားဖြစ်စဉ်အနေနဲ့ မတွေ့ရှိရဘဲ အားလုံးနီးပါး အဆင်ပြေချောမွေ့ခဲ့သလို လိုအပ်တဲ့ စာရင်းဇယားတွေကိုလည်း လွယ်လင့်တကူ တောင်းယူကြည့်ရှုခွင့်ရခဲ့တယ်။ ပွင့်လင်းမြင်သာမှုရှိတယ်။ ရွေးကောက်ပွဲတစ်ခုလုံးကို ခြုံငုံသုံးသပ်ရရင် ကြိုတင်မဲကလည်း အားလုံးမှ ၁၀ ရာခိုင်နှုန်းတောင် မရှိတဲ့အတွက် ဖြစ်သင့်တဲ့အနေအထားမှာရှိတယ်။ ကော်မရှင်အနေနဲ့ အဆင့်ဆင့်သော အဖွဲ့ဝင်၊ မဲရုံမှူး၊ မဲရုံဝန်ထမ်းတွေမှာ ရွေးကောက်ပွဲဥပဒေ အပေါ်မှာ သိနားလည်မှု၊ စွမ်းဆောင်ရည် မပြည့်ဝမှုတွေကို မြင်တွေ့ခဲ့ရတယ်။ အဲဒါကြောင့် တချို့နေရာတွေမှာ မသိလိုက်ရတဲ့ အသေးစားဥပဒေ ချိုးဖောက်တာတွေလည်း ရှိခဲ့တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲက ပြည်သူတွေအနေနဲ့ မဲလာပေးသူအနေနဲ့ မဲပေးခွင့်ရှိသူရဲ့ ထက်ဝက်တောင် လာရောက်ပေးတာ မတွေ့ခဲ့ရပါဘူး။

ကြားဖြတ်ရွေးကောက်ပွဲဖြစ်တာ၊ အနိုင်ရပါတီကို အရမ်းမျှော်လင့်ထားခဲ့ပေမယ့် ထင်သလိုဖြစ်မလာတာ၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် ရရှိမှုနည်းပါးတာ၊ မဲဆွယ်စည်းရုံးရေး လုပ်တာအားနည်းတာ စတာတွေကြောင့် ပြည်သူတွေ စိတ်ဝင်စားမှုနည်းပါးပြီး မဲပေးသူလျော့နည်းခဲ့တာပါ။

မုံရွာမြို့မှာ ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၅ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကပဲ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013