DVB Logo
Home
မြန်မာသတင်း
ယခင်အစိုးရ နောက်ဆုံး တာဝန်ယူခဲ့သည့် ဘဏ္ဍာနှစ်အတွင်း စာရင်းစစ်ချုပ် အစီရင်ခံစာ ထွက်ပေါ်
DVB
·
April 8, 2017
ယခင်အစိုးရ နောက်ဆုံး တာဝန်ယူခဲ့သည့် ဘဏ္ဍာနှစ်အတွင်း စာရင်းစစ်ချုပ် အစီရင်ခံစာ ထွက်ပေါ်
Donate to DVB

အရင်အစိုးရလက်ထက် နောက်ဆုံးတာဝန်ယူခဲ့တဲ့  ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်းမှာ တိုင်းပြည်ထိခိုက်နစ်နာမှုတွေကို ထုတ်ဖော်ထားတဲ့ ရန်ကုန်တိုင်း စာရင်းစစ်ချုပ် အစီအရင်ခံစာ ထွက်ပေါ်လာပါတယ်။

ဧပြီလ ၅ ရက်နေ့မှာ ရန်ကုန်တိုင်းလွှတ်တော်ကို တရားဝင် တင်သွင်းခဲ့တဲ့ စာရင်းစစ်ချုပ် အစီအရင်ခံစာ ဖြစ်ပါတယ်။ အစီအရင်ခံစာမှာ အကျင့်ပျက် ခြစားမှုတွေ၊ လက်သိပ်ထိုး လုပ်ပိုင်ခွင့်ပေးမှုတွေ၊ နိုင်ငံတော်ဘက်က ကျပ်သန်းပေါင်းများစွာ နစ်နာနေတာတွေ ပါဝင်တာ ဖြစ်ပါတယ်။

ဒါ့အပြင် စည်ပင်က တင်ဒါမခေါ်ဘဲ လုပ်ပိုင်ခွင့်တွေကို ကုမ္ပဏီတွေကို ချပေးထားတာတွေ ပါဝင်တဲ့ အပြင်လုပ်ငန်း လုပ်ကိုင်ခွင့်ကိုလည်း နှစ် ၅၀ ကနေ နှစ် ၉၀ အထိ ပေးအပ်ထားတာတွေကိုပါ တင်ပြထားတာပါ။

“စာချုပ်တွေကို သေသေချာချာ သိရတဲ့အခါကျတော့ ဒီစာချုပ်တွေအပေါ်မှာ အကျိုးတူ ပူးပေါင်းထားတဲ့အခါ နိုင်ငံတော်အနေနဲ့ အများကြီး နစ်နာနေတာ ရှိတယ်။ အဲဒီနစ်နာမှုတွေကို အစ်မတို့ အစိုးရလက်ထက်မှာ ဘယ်လိုများ လုပ်ရမလဲဆိုတာကို လွှတ်တော်ထဲမှာ ထပ်ပြီးဆွေးနွေးဦးမှာပါ။ ဒီအစီရင်ခံစာကို ဆွေးနွေးဦးမယ်ဆိုပြီး ဒီနေ့ လွှတ်တော် ကိုယ်စားလှယ်တွေ ၁၂ ယောက်၊ ၁၃ ယောက်လောက် နာမည်စာရင်း ပေးခဲ့ပြီးသားပါ” လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။

စည်ပင်ရဲ့ အင်ဂျင်နီယာနဲ့ အဆောက်အအုံဌာန၊ ဈေးများဌာန၊ ပန်းဥယျာဉ်နဲ့ ကစားကွင်းများဌာန စတဲ့ အရင်အစိုးရလက်ထက်က ဌာနတွေရဲ့ ဆောင်ရွက်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို ဖော်ထုတ် တင်ပြထားတာပါ။ ဒါ့အပြင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေနဲ့ အထပ်မြင့် အိမ်ရာတည်ဆောက်မှုတွေမှာ ပွင့်လင်းမြင်သာမှုမရှိဘဲ တင်ဒါခေါ်ခဲ့တာတွေလည်း ပါဝင်ပါတယ်။

“အစ်မတို့ အစိုးရလက်ထက်မှာ အပြောင်းအလဲ ကြီးကြီးမားမား ဆိုတာမျိုး၊ ထင်းခနဲ လင်းခနဲ ပြည်သူတွေ မျှော်လင့်နေတာမျိုး ၁ နှစ်အတွင်းမှာ မလုပ်နိုင်ခဲ့တာမျိုးလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် ပြည်သူတွေ မသိမသာလေးနဲ့ကို တကယ့်ကိုပဲ အစ်မတို့က အောက်ခြေမှာ မဖြစ်မနေ ပြည်သူ့ဘဏ္ဍာတွေ မလေမလွင့်ရအောင်ဆိုတဲ့ ကဏ္ဍတစ်ခုကို ကောင်းကောင်းလုပ်နိုင်တယ်လို့ အစ်မအနေနဲ့ ယူဆတယ်။ အဲဒီလိုပဲ ယုံကြည်တယ်။ အဲဒီအတွက်ကြောင့်မို့ ပြည်သူတွေအနေနဲ့လည်း ၁ နှစ်တာအတွင်း အန်အယ်လ်ဒီရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ အားမလိုအားမရ ဖြစ်နေတာတွေ ရှိခဲ့မယ်ဆိုရင်တော့ နောက် ၁ နှစ်ကိုလည်း စောင့်ကြည့်ပေးပါ။ ကူညီပေးပါ။ အစ်မတို့ကိုလည်း ကူညီပေးဖို့ လိုပါတယ်။ ပြည်သူ့အင်အားနဲ့ အစ်မတို့ ရှေ့ဆက်ဖို့ လိုပါတယ်။”  လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောပါတယ်။

ရန်ကုန်တိုင်းစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာဟာ အခု အစိုးရလက်ထက်သစ်မှာ စတင်ပြီးတော့ ပြည့်ပြည့်စုံစုံ တင်ပြနိင်တာ ဖြစ်ပြီးတော့ အရင် ၂၀၁၀ ကနေ ၂၀၁၄ အထိ အစိုးရ ဆောင်ရွက်ချက်တွေကိုတော့ စစ်ဆေးနိုင်မှုမရှိဘူးလို့ ဆိုပါတယ်။ အဲဒီအစီရင်ခံစာမှာ ပါဝင်တဲ့လုပ်ငန်းတွေဟာ လက်ရှိအချိန်မှာ ပြီးစီးသွားပြီ ဖြစ်ပြီးတော့ လက်ရှိမှာ အသစ်ဆက်လက်လုပ်ကိုင်နေတဲ့ စီမံကိန်းတွေ ပါဝင်ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013