DVB Logo
Home
မြန်မာသတင်း
မြန်မာ့လယ်ယာထွက်ကုန် တရားမဝင် လာဝယ်နေသည့် တရုတ်နိုင်ငံသားများကို တိုင်ကြားနိုင်
DVB
·
April 8, 2017
မြန်မာ့လယ်ယာထွက်ကုန် တရားမဝင် လာဝယ်နေသည့် တရုတ်နိုင်ငံသားများကို တိုင်ကြားနိုင်
Donate to DVB

မြန်မာ့လယ်ယာထွက်ကုန်တွေကို  ပြည်တွင်းထိ တိုက်ရိုက်တရားမဝင် လာရောက် ဝယ်ယူနေတဲ့ တရုတ်နိုင်ငံသားတွေကို တိုင်ကြားနိုင်တယ်လို့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ တရုတ်ကုန်သည်တွေက မြန်မာ့စပါးတွေကို ဒေသပေါက်ဈေးထက် ပိုပေးပြီး လိုက်လံဝယ်ယူနေတဲ့အတွက် ဆန်စက်လုပ်ငန်းအချို့ ရပ်ထားရတယ်လို့ ဆန်ကုန်သည်တွေ ပြောပါတယ်။

အဲဒီလို မြန်မာ့လယ်ယာထွက်ကုန်တွေကို  နိုင်ငံခြားသားတွေက အထောက်အထားမပါဘဲ ပြည်တွင်းထိ တိုက်ရိုက်လာရောက်ဝယ်ယူတာဟာ တရားမဝင်ကုန်သွယ်မှု ဖြစ်တဲ့အတွက် တိုင်ကြားလာပါက အရေးယူသွားမယ်လို့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသူက  ပြောပါတယ်။

“ဆန်နဲ့ ဆန်ကွဲကိုပဲ ပြည်ပတင်ပို့ခွင့် ပေးထားတာ ရှိတယ်ပေါ့။ ဆန်နဲ့ ဆန်ထွက်ပစ္စည်းကိုပဲ။ ကျနော်တို့က စပါးကို ပြည်ပတင်ပို့ခွင့်ပေးထားတာ မရှိဘူး။ အခု မန္တလေးနဲ့တဝိုက်မှာ တရုတ်ကို စပါးပို့တယ်ဆိုတာကတော့ တကယ်လို့ ဆန်ကုန်သည်တွေဘက်က သူတို့တွေအနေနဲ့ တာဝန်သိတဲ့ ပြည်သူတွေအနေနဲ့ တိတိကျကျ သေသေချာချာ ပြောနိုင်မယ်ဆိုရင် သက်ဆိုင်ရာက အရေးယူ ဆောင်ရွက်ဖို့ လုပ်သွားကြမှာပါ။ ကုန်သည်လောကမှာ ကျနော်တို့  တော်တော်များများ ဘာကြုံနေရလဲဆိုတော့ အချင်းချင်း မျက်နှာပျက်ရမှာကို ကြောက်တယ်။ တိုင်ရ တောရမှာကို၊ သူများ စီးပွားရေးကို ဖျက်ဆီးသလို ဖြစ်တယ်ပေါ့။ ဒါမျိုးတွေနဲ့ တလွဲအယူအဆတွေ ရှိတယ်လို့ ကျနော်ကတော့ ထင်တယ်။ ဒါတွေက တကယ်ကတော့ သေချာသိရင် ဒါ အများအတွက်ပဲလေ။ ပြည်သူအတွက်၊ အများအတွက် ကောင်းအောင်လုပ်တဲ့ လုပ်ငန်းကို လုပ်သင့်တယ်၊ သတင်းပေးသင့်တယ်လို့ ကျနော်ကတော့ ထင်ပါတယ်။”

မန္တလေးတိုင်းဒေသကြီးက စပါးအဓိကထွက်တဲ့  မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ် အပါအဝင် မြို့နယ် အနှံ့အပြားမှာ တရုတ်ကုန်သည်တွေကိုယ်တိုင် လာရောက်ဝယ်ယူသလို၊ ပွဲစားတွေကတဆင့် စပါးတွေကို ဈေးကောင်းပေးပြီး ရသလောက် ဝယ်ယူနေတာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးငွေအောင်က ပြောပါတယ်။

“သူတို့က တိုက်ရိုက်တော့ မဟုတ်ဘူး။ ဒေသခံပွဲစားနဲ့ သူတို့က တရုတ်ပြည်ကို ပို့ကြတာပေါ့နော်။ ဒီရဲ့အနေအထားကို ကိုယ်တို့က ပြီးခဲ့တဲ့ ၃ လလောက်က သက်ဆိုင်ရာ စီးပွားကူးသန်းကို တင်ပြတယ်။ တင်ပြတဲ့အကြောင်းက ဒီစပါးအလိုက်သွားမယ်ဆိုရင် ကျနော်တို့ ဒေသကြီးမှာ တိရစ္ဆာန်အစာကအစ ထွက်လာနိုင်တယ်။ ဖွဲတို့၊ ဆန်ကွဲတို့ကအစ ထွက်လာနိုင်တယ်။ ဒါလေးကိုတော့ ဖမ်းဆီး သို့မဟုတ် အသိပညာပေး မလုပ်ဖို့ လုပ်ခိုင်းပါတယ်။ သူတို့ကလည်း ဘာပြောလဲဆိုတော့ တိကျတဲ့ အချက်အလက်တွေနဲ့ ဓာတ်ပုံနဲ့ တင်ပြပါလို့ ပြောတယ်။ ဒါကျတော့ ကိုယ်တို့ကလည်း အန်ဂျီအို ဖြစ်တဲ့အတွက် လုပ်ပေးလို့မရဘူး။ သူတို့က ပြောတယ်။ ဝယ်တာတော့ တွေ့နေတယ်။ သိတာလည်း သိနေတယ်။ ဒါပေမယ့် သူတို့က ပို့တာကိုတော့ လက်ပိုက်ကြည့်နေလို့ မရဘူး။ ဒါကတော့ အစိုးရပိုင်းက တာဝန်ရှိမယ်လို့ ထင်ပါတယ်။ သူတို့ ဂိတ်တွေမှာ စစ်ဆေးပြီးမှ မတင်ပို့ဖို့ပေါ့နော်။ ဒါတွေ ပြောမှ ဖြစ်မယ်ပေါ့။ တချက်ကလည်း စပါးဈေးက ပြည်တွင်းမှာ ၅ သိန်းလောက် ပေါက်နေတဲ့အချိန်မှာ သူတို့က ၅ သိန်းခွဲလောက်၊ ၅ သောင်းလောက် ပိုပေးဝယ်တဲ့အခါကျတော့ ဘယ်သူမဆို စီးပွားရေးအရ တွက်ခြေကိုက်တော့ ရောင်းကြတာပေါ့နော်။ ဒါတွေ ပါတယ်။”

လတ်တလောမှာတော့ မန္တလေးတိုင်းဒေသကြီးက ဆန်စက်အချို့မှာ ကြိတ်စရာ စပါးမရှိတဲ့အတွက် စက်တွေ ရပ်နားထားရတယ်လို့ ဆိုပါတယ်။
သတင်း - ထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013