ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို ဖမ်းဆီးပြီး အိတ်ဇောများကို လမ်းကြိတ်စက်ဖြင့် ဖျက်ဆီး
DVB
·
April 7, 2017
တနင်္သာရီတိုင်း မြိတ်မြို့မှာ အသံဆူညံမှုကို ဖြစ်ပေါ်စေတဲ့ ပါဝါအိတ်ဇောနဲ့ အသံစုံဟွန်းတွေ တပ်ဆင်အသုံးပြုတဲ့ ဆိုင်ကယ်တွေကို သက်ဆိုင်ရာက ဖမ်းဆီးကာ ပါဝါအိတ်ဇောတွေကို လမ်းကြိတ်စက်နဲ့ ဖျက်ဆီးပစ်ခဲ့ပါတယ်။
မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ မြိတ်အဝေးပြေး ကားဝင်းအတွင်းမှာ ဧပြီလ ၇ ရက် မနက် ၉ နာရီလောက်က ဖျက်ဆီးပစ်ခဲ့တာဖြစ်ပါတယ်။
အခုနှစ် သင်္ကြန်ကာလအတွင်းမှာ ပါဝါအိတ်ဇောနဲ့ အသံစုံဟွန်းတွေကို တပ်ဆင်ထားတဲ့ ဆိုင်ကယ်တွေကို အရေးယူပေးဖို့ မြို့ခံပြည်သူတွေရဲ့ တောင်းဆိုချက်အရ စည်းကမ်းမဲ့ ယာဉ် မဆင်မခြင် မောင်းနှင်သူတွေကို ထိထိရောက်ရောက် အရေးယူနေပြီး၊ အရောင်းဆိုင်တွေမှာလည်း ရှာဖွေ စစ်ဆေးနေပါတယ်။
စည်းကမ်းမဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး ဥပဒေနဲ့အညီ အရေးယူမှုသွားမယ်လို့ မြိတ်ခရိုင် အမှတ်-၇၆ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးနေဝင်းက ပြောပါတယ်။
သတင်း - ဇော်ဇော်(မြိတ်)