အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ ဒေါ်လာ ၁၀ ဘီလီယံနီးပါးတန်တဲ့ ကာကွယ်ရေးနဲ့ ဆက်စပ်တဲ့ ရင်းနှီးမြှုပ်နှံမှုအသစ်ကို ဇူလိုင် ၁၅ ရက်မှာ ကြေညာခဲ့ပြီး အလုပ်အကိုင် ၄,၀၀၀ ကျော် ဖန်တီးပေးမယ်လို့ ပြောပါတယ်။
ထုတ်လုပ်သူတွေကို စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေ ထုတ်လုပ်မှု အရှိန်မြှင့်ဖို့နဲ့ အမေရိကန် စစ်မှုထမ်းဟောင်းတွေအတွက် ကုန်ကားမောင်းဖို့ အခွင့်အလမ်းတွေကို တိုးချဲ့ဖို့ တိုက်တွန်းခဲ့ပါတယ်။
ခါးလိုင်းမြို့မှာရှိတဲ့ အမေရိကန်တပ်မတော် စစ်ကောလိပ်မှာ ကျင်းပတဲ့ အထက်လွှတ်တော်အမတ် ဒေ့ဗ် မက်ကောမစ်ခ်ရဲ့ ပင်ဆယ်လ်ဗေးနီးယား ကာကွယ်ရေးနဲ့ ဆန်းသစ်တီထွင်မှု ထိပ်သီးအစည်းအဝေးမှာ ထရမ့်ပ်က ပြောလိုက်တာပါ။
ရင်းနှီးမြှုပ်နှံမှုတွေဟာ သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ၊ ထရပ်ကားတွေနဲ့ လက်နက်တွေ ထုတ်လုပ်မှုကို ပံ့ပိုးပေးမယ်လို့လည်း သူက ပြောခဲ့ပါတယ်။
ထုတ်လုပ်မှုကို တိုးမြှင့်ဖို့ ထရမ့်ပ်က ကာကွယ်ရေး ကန်ထရိုက်တာတွေကို တောင်းဆိုခဲ့ပြီး ရေငုပ်သင်္ဘော တည်ဆောက်ရေးအတွက် General Dynamics ကို ရွေးချယ်ခဲ့ပါတယ်။
လက်နက်ထုတ်လုပ်သူတွေဟာ နည်းနည်း ပိုမြန်ဖို့ လိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။ သမ္မတက အစိုးရဟာ စစ်တပ်မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေပြီး ဖီလာဒဲယ်ဖီးယား သင်္ဘောကျင်းမှာရှိတဲ့ စီမံကိန်းတွေ အပါအဝင် အမေရိကန်သင်္ဘောတည်ဆောက်ရေး တိုးချဲ့ဖို့ အစီအစဉ်တွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
ထရမ့်ပ်က စစ်မှုထမ်းဟောင်းတွေအတွက် ကုန်ကားမောင်းသူတွေဖြစ်လာရေး ပိုလွယ်စေဖို့ နောင်လာမဲ့ လုပ်ဆောင်ချက်အဖြစ် ဖော်ပြခဲ့တဲ့အရာကိုလည်း ကြေညာခဲ့ပြီး စစ်တပ်မှာ အကြီးစား ကုန်ကားတွေကို မောင်းနှင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေဟာ စီးပွားဖြစ်ယာဉ်မောင်းလိုင်စင်တွေကို အလိုအလျောက် အရည်အချင်းပြည့်မီသွားမယ်လို့ ပြောခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်က အထောက်အထားမဲ့ ကုန်ကားမောင်းသူတွေကို အမေရိကန် စစ်မှုထမ်းဟောင်းတွေနဲ့ အစားထိုးရေးအတွက် ကူညီပေးလိမ့်မယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။
Source: Reuters










