DVB Logo
Home
မြန်မာသတင်း
ပစ်မှတ်ထား လုပ်ကြံမှု စဉ်းစားမနေဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
April 6, 2017
ပစ်မှတ်ထား လုပ်ကြံမှု စဉ်းစားမနေဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

အခြေခံဥပဒေ မပြင်ခြင်သူတွေ စစ်တပ်နဲ့ပတ်သက်ပြီး အမြစ်တွယ်လိုသူတွေက ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်လာနိုင်တဲ့ ကိစ္စရပ်တွေကို နေ့တိုင်း စဉ်းစားလေ့ မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

BBC သတင်းဌာနက  သတင်းထောက် ဖာကယ်ကိန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဧပြီ ၅ ရက် သီးသန့်မေးမြန်းခန်းမှာ သူက ပြောခဲ့တာပါ။

သတင်းထောက် ဖာကယ်ကိန်းက “အခြေခံဥပဒေကို ပြောင်းလဲဖို့မလိုလားတဲ့သူတွေ၊ တပ်နဲ့ပတ်သက်ပြီး အမြစ်တွယ်နေတဲ့သူတွေ၊ ထောက်လှမ်းရေးပတ်သက်ပြီးရှိနေသူတွေအနေနဲ့ အစ်မကြီးနဲ့အစ်မကြီး ပတ်ဝန်းကျင်က လူတွေကို ပစ်မှတ်ထားလာမှာကို မစိုးရိမ်ဘူးလား” လို့ မေးခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က “ဒါ ကျမစိတ်ထဲထားတဲ့ ကိစ္စမဟုတ်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ အန်အယ်လ်ဒီ စတင်တည်ထောင်ချိန်ကစပြီး လွန်ခဲ့တဲ့ နှစ် ၃၀ လုံး အဲဒီလိုအမေးခံရပါတယ်။ လုပ်ကြံနိုင်တဲ့သူတွေရဲ့ လုပ်ကြံခံရမှာ၊ အမျိုးစုံသော အန္တရာယ်ပေးခံရမှာ မစိုးရိမ်ဘူးလားလို့ မေးခံရပါတယ်။ ဒီကိစ္စတွေကတော့ နေ့တဓူဝ စဉ်စားလေ့ရှိတဲ့ ကိစ္စမဟုတ်ပါဘူး၊ ဒါအလုပ်နဲ့ပါလာတဲ့ အစိတ်အပိုင်းပဲပေါ့” လို့ ဖြေကြားခဲ့ပါတယ်။

ဘီဘီစီသတင်းဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ရခိုင်အရေးနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းသွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ပွင့်ပွင့်လင်းလင်း ဖြေခဲ့ပါတယ်။

နိုဘယ်လ်ဆုရှင်တွေက ရခိုင်က ရိုဟင်ဂျာအရေးကိုင်တွယ်ရာမှာ ဒေါ်အောင်ဆန်းစုကြည် ကျရှုံးတယ်လို့ သုံးသပ်ပြောဆိုနေကြကြောင်း သတင်းထောက်က ပြောတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က “ဒါကတော့ သူတို့ရဲ့အမြင်ဖြစ်ပါတယ်။ အမှန်တရားကတော့ ကျမတို့အနေနဲ့ နိုင်ငံတာဝန် စယူတဲ့အချိန်မှာ ပထမဦးဆုံးဆောင်ရွက်ခဲ့တဲ့ကိစ္စက နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ဆိုတာကို သူတို့ထည့်သွင်းစဉ်းစားမိပါသလာ?။ နိုင်ငံသားဖြစ်ထိုက်သူတွေ နိုင်ငံသားဖြစ်လာစေဖို့ ဆောင်ရွက်ခဲ့တာပါ။ ကျမတို့ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်နဲ့အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါ စလုပ်ဆောင်ခဲ့ပြီး ဒေသအတွင်းတည်ငြိမ်းအေးချမ်းဖို့နဲ့ သဟဇာတမျှညွတ်ရေးကို ဖော်ဆောင်ပေးနေတာပါ။ ရခိုင်ပြည်နယ်အတွင်းမှာ ရှိတဲ့ပြဿနာအတော်များများဟာ အရင်းအမြစ်ရှားပါးမှုနဲ့ အသိုက် အဝန်းနှစ်ခုဟာ သူတို့ရဲ့ရှေ့ရေးကို စိုးရိမ်ကြောင့်ကြမှု တွေရှိနေပါတယ်။”လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

တခါ ဒေါ်အောင်ဆန်းစုကြည်က  ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ရခိုင်က ဘင်္ဂါလီတွေအနေနဲ့ ပြန်လာချင်ရင် ပြန်လည်လက်ခံမယ့်အကြောင်း၊ အခုလည်း လက်ခံနေပြီဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်က ရိုဟင်ဂျာတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုလို့ စွပ်စွဲပြောဆိုတာကိုလည်း ပြင်းထန်လွန်းလို့ လက်မခံဘူးလို့ ပြောခဲ့ပါတယ်။

“အခုဟာက လူမျိုးသုဉ်းသုတ်သင်ရှင်းလင်းမှု ဖြစ်နေတာမှ မဟုတ်တာ၊ လူမျိုးသုဉ်းသုတ်သင်ရှင်းလင်းမှုဆိုတာ အခုဖြစ်နေတဲ့အခြေအနေကို ပြောဖို့အတွက် မကိုက်ညီပါဘူး။ ပြင်းထန်လွန်းပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးသမားတယောက်ဖြစ်ပြီး ရိုဟင်ဂျာအရေးမှာ နှုတ်ဆိတ်လွန်းတယ်ဆိုတဲ့ ပြောဆိုချက်အပေါ်လည်း သူက သူတို့ ကြားချင်တာ မပြောလို့ဖြစ်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

“တစ်စုံတစ်ရာ ပြောဆိုမှုမပြုဘူးဆိုတာ ဘာကိုပြောတာလဲ၊ ဒီမေးခွန်းမျိုး ယခင် ၂၀၁၃ ခုနှစ် ရခိုင်အရေးကိစ္စ ဖြစ်စဉ်ကလည်း မေးခဲ့ကြတယ်လေ။ အဲဒီတုန်းကလည်း သူတို့တွေမေးခဲ့သမျှကျမပြန်ဖြေခဲ့တယ်။ ဒါမေမယ့် ကျမဘာမှ မပြောဘဲနေတယ်လို့ပဲ ပြောကြပြန်ရော။ အဲဒါက ရှင်းပါတယ်။ ကျမက သူတို့ကြားချင်တဲ့ စကားမျိုးမပြောလို့လေ၊ သူတို့ကြားချင်တာက အသိုက်အဝန်း နှစ်ခုတည်းက တစ်ခုကို ရွေးချယ်ပြီး ပြစ်တင်ဝေဖန်တာကို ကြားချင်တာပါ။”

ရခိုင်ပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မသွားတာဟာ ရခိုင်အရေးဖြေရှင်းလုပ်ဆောင်ပေးနေသူတွေကို အခွင့်အရေးပေးနေတာလို့ ပြောခဲ့ပါတယ်။

“ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့သူတွေ သူတို့လုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်နိုင်တဲ့ စွမ်းရည်ရှိကြောင်းကို ပြကြဖို့ အခွင့်အလမ်း ပေးထားတာပါ။ ကျမတို့လူတွေ လုပ်ကိုင်ဆောင်ရွက်နေတာကို၊ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အစွမ်းအစရှိတာကို ယုံကြည်သူ နည်းပါးနေတယ်လေ။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ကို မထိန်းချုပ်နိုင်ဘူး၊ စစ်တပ်က ကျုးလွန်တဲ့ လူသတ်မှု၊ မုဒိန်းမှုတွေ မဟန့်တားနိုင်ဘူးဆိုတဲ့ မေးခွန်းအပေါ်မှာတော့ သူက စစ်တပ်က လူသတ်မှု၊ မုဒိန်းမှု မကျုးလွန်ဘူးလို့ ကာကွယ် ပြောဆိုခဲ့ပြီး ဖွဲ့စည်းပုံပြင်ဖို့ ကြိုးပမ်းနေကြောင်း ပြောခဲ့ပါတယ်။

“သူတို့တွေအနေနဲ့ လုယက်မှု၊ မုဒိမ်းမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို လုပ်ခွင့်မရှိပါဘူး၊ မလုပ်ပါဘူး၊ သူတို့တွေအနေနဲ့ တိုက်ပွဲတွေကိုတော့ တိုက်ခိုက်နိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်ရေးစစ်ရာကိစ္စတွေကို တပ်မ‌တော်ကသာ စီမံခန့်ခွဲပိုင်ခွင့် ပြဋ္ဌာန်းထားတယ်လေ။ ဒါ့ကြောင့်လည်း ကျမတို့အနေနဲ့ အခြေခံဥပဒေကို ပြောင်းဖို့ကြိုးစားနေတာပေါ့၊ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ဆိုတာ ကျမတို့ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ NCA ရဲ့နောက်ဆုံး ပန်းတိုင်က ဖက်ဒရယ်စနစ်အခြေခံတဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့လေ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013