
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ဇလုပ်ကြီးကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကို အလိုမရှိကြောင်း ဒေသခံတွေက ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
"ခု လက်ရှိ ကျောင်းထိုင်ဆရာတော်ကို နိုင်ငံတော်သံဃမဟာနာယက အဖွဲ့က ကျောင်းထိုင်ဆရာတော်အဖြစ် ချထားတာကို ဒေသခံတွေက မကျေနပ်လို့ ခုဆန္ဒထုတ်ဖော်တာ။” လို့ ဆန္ဒပြဦးဆောင်သူ ဦးသိန်းဟန်က ဒီဗွီဘီကို ပြောပါတယ်။
လူအင်းအား ၁၇၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး သာနာသန့်ရှင်းရေး ကျောင်းထိုင်ဆရာတော် အား အလိုမရှိ စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ခုလို ဆန္ဒပြတာဟာ မြန်အောင်မြို့နယ်မှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ မြန်အောင်မြို့ခံ ဦးနေဝင်းဇော်က ပြောပါတယ်။
မြို့နယ်သံဃမဟာနာယက အဖွဲ့ကတော့ "အထက်က ချထားတဲ့ အတိုင်းပဲ၊ ခုဆရာတော်ကို ကျောင်းထိုင်စေတာပါ။ ဆန္ဒပြတာကတော့ သူတို့ သဘောပါ” လို ပြောပါတယ်။
မြန်အောင်မြို့နယ် ဒုမြိုနယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကျော်ထူးနိုင်ကတော့ ဒါကတော့ တရားဝင်ခွင့်ပြုချက်နဲ့ ပြတာပါလို့ ပြောပါတယ်။











