DVB Logo
Home
Lead Story
ဒီမိုကရေစီကင်ဆာ-မြစ်ပွားနာ
DVB
·
April 6, 2017
ဒီမိုကရေစီကင်ဆာ-မြစ်ပွားနာ
Donate to DVB

လူသားတွေကို ဒုက္ခအပေးဆုံး ရောဂါဆိုးတွေထဲမှာပါတဲ့ ကင်ဆာဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ အသေးငယ်ဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ ဆဲလ်တွေထဲက မူမမှန်တဲ့ ဆဲလ်တချို့ မလိုအပ်ဘဲ ထိန်းချုပ်မှုကင်းမဲ့စွာ ပွားများလာခြင်းကို ကင်ဆာရောဂါလို့ ခေါ်ကြတာပါ။ ဒါကြောင့်လည်း ကင်ဆာရောဂါကို မြစ်ပွားနာလို့လည်း ခေါ်လေ့ရှိကြပါတယ်။

လူသားတွေရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ပုံမှန်ဆဲလ်တွေ ကြီးထွားမှု၊ ပွားများလာမှု၊ သေဆုံးမှုတွေကို အစီအစဉ်တကျဖြစ်အောင် ကိုယ်ခန္ဓာထိန်းသိမ်းရေးစနစ်တခုက ထိန်းချုပ်ထားပါတယ်။ ဒါပေမယ့်လည်း အစားအသောက် အနေအထိုင်ကြောင့်ဖြစ်စေ၊ အလှုပ်အရှားနည်းပြီး ပုံမှန်လေ့ကျင့်ခန်း မလုပ်လို့ဖြစ်စေ၊ အဝလွန်လို့ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ဆဲလ်တချို့ဟာ ပုံမှန်မဟုတ်ဘဲ အထိန်းအကွပ်မဲ့ ပွားများ ကြီးထွားလာတဲ့ သဘောပါပဲ။

အဲဒီလို ကင်ဆာရောဂါ ဖြစ်လာတာကို သိတာ နောက်ကျလို့ ကင်ဆာဖြစ်တဲ့ ဆဲလ်တွေကို အချိန်မီ မရှင်းလင်းနိုင်ဘူးဆိုရင် လူနာဟာ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တာမို့ အလွန်အန္တရာယ်ကြီးတဲ့ ရောဂါဆိုး ဖြစ်ပါတယ်။ ဒီနေရာမှာ တခု သတိထားမိစေချင်တာက အဲဒီကင်ဆာရောဂါဟာ လူခန္ဓာအိမ်ရဲ့ အစိတ်အပိုင်း ဆဲလ်တွေကပဲ   ဖြစ်ပေါ်စေတယ် ဆိုတာပါပဲ။

အဲဒီလိုပါပဲ။ လူ့အဖွဲ့အစည်းတရပ်ကို လူအများစုဆန္ဒနဲ့အညီ စီမံအုပ်ချုပ်ရေးစနစ် တရပ်ဖြစ်တဲ့ ဒီမိုကရေစီစနစ်မှာလည်း ကင်ဆာရောဂါဆိုတာ ရှိပါတယ်။ အဲဒီ အများသဘောစနစ်ကို ချုပ်ပျောက်ပျက်သုဉ်းနိုင်လောက်အောင် အန္တရာယ်ပြုနိုင်တဲ့  ဒီမိုကရေစီကင်ဆာဆိုတာ လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းဖြစ်တဲ့ လူသားတွေရဲ့ အစွန်းရောက် အတ္တဆဲလ် (ဝါ) အမျိုးသားရေးအစွန်းရောက်ဝါဒ အထိန်းအကွပ်မဲ့ ကြီးထွား ပြန့်ပွားလာခြင်းပါပဲ။

တကယ်တော့ လူသားတိုင်းမှာ အတ္တစိတ်၊ ပရစိတ်ဆိုတာ အမြဲဒွန်တွဲ တည်နေပေမယ့် များသောအားဖြင့် အတ္တကို အခြေပြုတာ များပါတယ်။ အတ္တစိတ်တွေ အစွန်းရောက်ခဲ့ရင်တော့ လူ့အဖွဲ့အစည်းဟာ ရုပ်ဆိုး အကျည်းတန်သွားတတ်ပါတယ်။ ဒါကြောင့် အတ္တစိတ်တွေ မလွန်ကျွံဖို့ အစွန်းမရောက်ဖို့ကို ကိုယ်ကျင့်သီလကောင်းတွေ၊ အသိဉာဏ်ဦစီးမှုတွေ၊ တရားဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းချုပ်ကြရတာပါ။

အဲဒီလို အမျိုးသားရေးအစွန်းရောက်မှု၊ ဘာသာရေးအစွန်းရောက်မှုတွေ၊ အတ္တစိတ် အစွန်းရောက်မှု ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားလာမှုကို မထိန်းချုပ်နိုင်တဲ့ လူ့အဖွဲ့အစည်းဟာ အကြမ်းဖက် အဖြေရှာမှု အနိဋ္ဌာရုံတွေနဲ့ ဆုတ်ယုတ်ပြီး တချိန်ချိန်မှာ နာမည်ဆိုး၊ သမိုင်းဆိုးတွေနဲ့ တစတစ ချုပ်ပျောက်ကျဆုံးသွားရတော့တာပါပဲ။ ဒါကို ထင်ရှားတဲ့ ဥပမာပေးရရင် ဒီကနေ့ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ (ISIS) တည်ရှိတဲ့ လူ့အဖွဲ့အစည်းပါပဲ။

ဒီဆောင်းပါးမှာ အဓိကရေးချင်တဲ့ ဒီမိုကရေစီကင်ဆာအကြောင်း ဆက်ရရင်တော့ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၀၀ ကျော်နေတဲ့ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် အစွန်းရောက် အမျိုးသားရေးကင်ဆာ မြစ်ပွားနာရောဂါ စတင်ဖြစ်ပွားနေပြီ ဆိုတာပါပဲ။

ကမ္ဘာ့နိုင်ငံရေး ရာသီဥတု၊ စီးပွားရေးချိန်ခွင်လျှာ ပြောင်းလဲမှု၊ ကြီးမားလေးလံတဲ့ စစ်စရိတ် ဝန်ထုပ်ဝန်ပိုးတွေနဲ့ စီးပွားရေးကျလာတဲ့ အမေရိကန်နိုင်ငံမှာ ခေါင်းထောင်လာတဲ့ အမျိုးသားရေးဝါဒဟာ တစတစနဲ့ အမေရိကန်ကို အကျပိုင်းဆီ ပိုလို့ တွန်းပို့နေပါပြီ။ အမေရိကန်နိုင်ငံသမ္မတ ဒေါနယ်လ်ထရမ့်ရဲ့ နိုင်ငံခြားရေးပေါ်လစီဖြစ်တဲ့ အမေရိကပထမ (Amarica First) ဆိုတဲ့ ကြွေးကြော်သံဟာ အမျိုးသားရေးဝါဒကနေ အခြေခံလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီအမျိုးသားရေး ရှေ့တန်းတင်လာမှုကပဲ အမေရိကန်ရဲ့ စည်းလုံးညီညွှတ်မှုကို ဖြိုခွဲခဲ့ပါပြီ။

တကယ်တော့ အမျိုးသားရေးနဲ့ အစွန်းရောက်အမျိုးသားရေးဟာ နံရံပါးပါးလေးသာ ခြားတာပါ။ အကျင့်သီလ မသန့်စင်ဘူး၊ အသိဉာဏ် ဆင်ခြင်တုံတရား မဦးစီးနိုင်ဘူးဆိုရင် အဲဒီနံရံပါးပါးလေးကို အချိန်မရွေး ချိုးဖြတ်ရောက်ရှိသွားနိုင်ပါတယ်။ လူသားတွေရဲ့ သမိုင်းမှာ ဒုတိယကမ္ဘာစစ်မဖြစ်ခင် ဂျာမနီနိုင်ငံမှာ အမျိုးသားရေးဝါဒ ခေါင်းထောင်လာမှုရဲ့ အကျိုးဆက်ကို ပြန်လည်သတိရ၊ သင်ခန်းစာယူဖို့ လိုပါတယ်။

ကဲ… အခု မြန်မာနိုင်ငံဘက်မှာ အမျိုးသားရေး ခေါင်းထောင်လာမှုကို ပြန်ကြည့်လိုက်ကြရအောင်။ တိုင်းပြည်ကို ရာစုနှစ်ဝက်ကျော် လက်နက်နဲ့ ဗိုလ်ကျ အနိုင်ကျင့်ခဲ့တာမို့ ပြည်သူတွေရဲ့ မနှစ်မြို့မှုခံခဲ့ရတဲ့ စစ်အာဏာရှင် အသိုင်းအဝိုင်းအတွက် လူထုထောက်ခံမှုကို လှည့်ဖြားယူနိုင်ဖို့နဲ့ ပြည်သူတွေကို သွေးခွဲနိုင်ဖို့ တခုတည်းသော အသုံးချစရာ ကြွေးကြော်သံကတော့ အမျိုးသားရေး ဆိုတာပါပဲ။

ဒါကြောင့်လည်း အချုပ်အခြာအာဏာ အထိပါးမခံရရေးတို့၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးတို့၊ မျိုးချစ်စိတ်တို့၊ အမျိုးသားရေး ဆိုတာတွေကို ၁၉၈၈ စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းကာလတွေကစလို့ ကြားလာရတာဟာ အခုဆို ပိုပြီး ကျယ်လောင်လာသလို ကြွေးကြော်သံအဆင့်မကတော့ဘဲ ရပ်တည်ချက်၊ သဘောထား ပေါ်လစီအဆင့်ကို ရောက်လို့လာနေပါပြီ။

အဲဒီသဘောထားဟာ စစ်အာဏာရှင်အသိုင်းအဝိုင်းရဲ့ အာဏာ ပြန်လည်ထိန်းချုပ်လိုမှုကို အမျိုးသားရေးနဲ့ မျက်နှာဖုံးစွပ်ပြီး လှည့်ဖြားလိမ်ညာမှုပါပဲ။ ဒါဟာ သူတို့ရဲ့ ရည်ရွယ်ချက်ဆိုးကို ဖော်ထုတ်ဆန့်ကျင်နေတဲ့ အန်အယ်လ်ဒီပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်တာဟာ အဲဒီ အမျိုးသားနိုင်ငံရေး အရေခြုံထားတဲ့ အစွန်းရောက်အာဏာရူး၊ အစွန်းရောက်ဘာသာချစ်၊ အစွန်းရောက် အမျိုးချစ်တွေရဲ့ ပင်ကိုဗီဇ အကြမ်းဖက်ဝါဒကို မီးမောင်းထိုးပြနေတာပါပဲ။

ဒီကနေ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အမျိုးသားရေးကို တခုတ်တရ ရှေ့တန်းတင် ပြောလာတဲ့ အဖွဲ့အစည်းတွေ ကြည့်လိုက်ရင် ထင်ထင်ရှားရှား တွေ့ရမှာက စစ်အာဏာရှင်ဟောင်း အသိုင်းအဝိုင်းနဲ့ အနွယ်တော်တွေသာဖြစ်တယ် ဆိုတာပါပဲ။ အရင်စစ်ဗိုလ်ချုပ်ကြီးတွေ တည်ထောင်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ကြွေးကြော်သံက အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဖြစ်သလို လက်ရှိ စစ်ဗိုလ်ချုပ်ကြီးတွေ ကိုယ်တိုင်ကလည်း အမျိုးသားနိုင်ငံရေးဆိုတဲ့ စကားလုံးတွေ ထပ်တလဲလဲ ပြောလာခဲ့ကြပါတယ်။

ဒါကြောင့် မြန်မာပြည်ရဲ့ ဒီမိုကရေစီကင်ဆာ မြစ်ပွားနာ အစဖြစ်တဲ့ အစွန်းရောက် မျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ကို ဦးတည်သွားနေတဲ့ အမျိုးသားရေးကို မှန်ကန်စွာ အသုံးမချဘဲ သူတို့အာဏာတည်မြဲရေး၊ လက်မလွှတ်ရေးမှာ အသုံးချလာတာကို ရောဂါမကျွမ်းခင် အချိန်မီ ကုသဖို့လိုပါတယ်။

တိုင်းပြည်ကို အမှောင်တိုက်ထဲ တွန်းချ အန္တရာယ်ပြုနိုင်တဲ့ ဒီမိုကရေစီ ကင်ဆာမြစ်ပွားနာ (ဝါ) အစွန်းရောက် အမျိုးသားရေးစိတ်၊ ဘာသာရေးစိတ်ကို ကုသဖို့ အဓိကအကျဆုံးက ရောဂါသည် လူနာဖြစ်တဲ့ မြန်မာပြည်သူတွေပါပဲ။ ပထမအဆင့်အနေနဲ့ ဒီရောဂါဟာ အန္တရာယ်ကြီးတယ်ဆိုတာ အသိအမှတ်ပြုပြီး အမြစ်ဖြတ်ချင်တယ်၊ ရှင်သန်ချင်တယ်၊ ငြိမ်းချမ်းတဲ့ လူ့ဘောင်ကို တည်ထောင်ချင်တဲ့ ရောဂါပျောက်ချင်တဲ့ စိတ်ဆန္ဒပြင်းပြဖို့ လိုပါတယ်။

နောက်တဆင့်ကတော့ ဒီမိုကရေစီကင်ဆာ မြစ်ပွားနာ (ဝါ) အစွန်းရောက် အမျိုးသားရေးစိတ်၊ ဘာသာရေးစိတ်တွေ ပိုမိုမပြန့်ပွားဖို့နဲ့ အမြစ်သတ်နိုင်ဖို့ မိမိနဲ့ မိမိဝန်းကျင်မှာ ကိုယ်ကျင့်သီလကောင်းတွေ ထူထောင်နိုင်ဖို့ အသိဉာဏ်ပညာတွေ မြင့်မားလာဖို့၊ သူများပြောတိုင်း အလွယ်တကူ မယုံကြည်ဘဲ အတွေးအခေါ်မှန်ကန်ဖို့၊ အတ္တစိတ်၊ အမျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ကို လူ့အဖွဲ့အစည်းအတွက် အဆိပ်အတောက် မဖြစ်စေဘဲ မှန်မှန်ကန်ကန် ချစ်တတ်၊ တန်ဖိုးထားတတ်ဖို့ ပျိုးထောင်ကြရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးမှာ အမြင်မရှင်းရင် ရပ်တည်ချက်မှားတတ်သလို ဆောင်ရွက်သမျှ အကျိုးမဖြစ်ထွန်း အရာမထင်ဖြစ်ရုံမက ခုတ်ရာတခြား ရှရာတလွဲ ဖြစ်တတ်တယ်။ နိုင်ငံရေး သတိ၊ နိုင်ငံရေးအမြော်အမြင်ရှိဖို့ လိုတယ်။ တမျိုးသားတည်း အရေး၊ တဘာသာတည်း အရေးကိုသာ ကွက်ကွက်လေးကိုပဲ မကြည့်ဘဲ တပြည်လုံးအရေး၊ တနိုင်ငံလုံးအရေးကို အနုလုံပဋိလုံ ခြုံငုံမြင်ဖို့ လိုတယ်။

ဒီဆောင်းပါးရဲ့ နိဂုံးချုပ်အနေနဲ့ ရေးရရင် တနိုင်ငံလုံး ပြည်တွင်းစစ်ဒဏ်ကြောင့် ဖွတ်ဖွတ်ညက်ညက်ကျေပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံအပါအဝင် ပြည်သူအများစု ဆင်းရဲနိမ့်ကျနေရတဲ့ ဘဝအခြေအနေတရပ်မှာ ပြည်ထောင်စုတခုလုံးအရေးကို ဦးစားပေးမပြောဘဲ တမျိုးသားတည်းအရေး၊ တဘာသာတည်းအရေးကို အစွန်းရောက် ရှေ့တန်းတင်ကြွေးကြော် အသုံးချလာတဲ့ လူပုဂ္ဂိုလ်၊ ရဟန်းသံဃာနဲ့ ပါတီအဖွဲ့အစည်း၊ လက်နက်ကိုင် အဖွဲ့အစည်းဆိုတာ တိုင်းပြည်ရဲ့ ကင်ဆာဆဲလ်တွေပါပဲ။ ဒီမိုကရေစီ ကင်ဆာမြစ်ပွားနာ (ဝါ) အစွန်းရောက် အမျိုးသားရေးရောဂါဆိုးကြီးကို ပျောက်ကင်းအောင် ကုသနိုင်မှသာ မြန်မာပြည်မှာ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ ထူထောင်နိုင်မှာဖြစ်ပါကြောင်း ရေးသား အသိပေးအပ်ပါတယ်။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013