DVB Logo
Home
မြန်မာသတင်း
စီးပွားဖြစ်ကျူးကျော်သူများကို ဥပဒေနှင့်အညီ အရေးယူမည်ဟု နယ်လုံဝန်ကြီးပြော
DVB
·
April 5, 2017
Donate to DVB

စီးပွားဖြစ်ကျူးကျော်တွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှာဖြစ်ပြီး အမှန်တကယ် နေစရာမရှိတဲ့ ကျူးကျော်တွေကိုတော့ နေစရာစီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးမှာပြောပါတယ်။

ကျူးကျော်တွေအတွက် အဆောက်အအုံတွေ ဆောက်လုပ်နေပေမယ့် စာရင်းကောက်တာပြီးမှ အကုန်လုံးကို နေရာချထားပေးမယ်လို့လည်း  ဗိုလ်မှူးကြီး တင်အောင်ထွန်းပြောပါတယ်။

“ကျူးကျော်ဆိုတာကတော့ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက် တောက်လျှောက် ဖြေရှင်းခဲ့တဲ့ ကိစ္စတခု ဖြစ်ပါတယ်။ အစိုးရပေါ် မူတည်ပြီးတော့မှ ဖြေရှင်းပုံနည်းလမ်းပေါင်းစုံနဲ့ ဖြေရှင်းခဲ့တဲ့ဟာ ဖြစ်ပါတယ်။ သို့သော်လည်း ဒီကိစ္စသည် ပြီးပြတ်သွားတဲ့ကိစ္စ မဟုတ်ပါဘူး။ လက်ရှိအစိုးရလက်ထက်မှာလည်း ကျူးကျော်တွေကို ရှင်းဖို့အတွက်ပဲ ကျနော်တို့ စဉ်းစားလျက် ရှိပါတယ်။ စီမံဆောင်ရွက်မယ်ဆိုတာလည်းပဲ ဝန်ကြီးချုပ်ကိုယ်တိုင် မေလမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြည်သူကို အသိပေးပြီး ဖြစ်ပါတယ်” လို့ ဗိုလ်မှူကြီး တင်အောင်ထွန်းက ပြောကြားခဲ့တာပါ။

အငှားစနစ်နဲ့ အရစ်ကျစနစ် ဘယ်ဟာ လုပ်ပေးမလဲဆိုတာက ဘယ်မြို့မှာပဲနေနေ မြန်မာနိုင်ငံက တိုင်းရင်းသားတွေပဲ ဖြစ်တာကြောင့် ကျူးကျော်တွေကို အဆင့်တခု ရှိအောင်လို့ စီမံဆောင်ရွက်ပေးနေပါတယ်လို့ ပြောပါတယ်။

ကျူးကျော်တွေကို ဘယ်တော့ နေရာချပေးမလဲဆိုတာနဲ့ ပတ်သက်ပြီး ကျူးကျော်စာရင်းတွေ ကောက်ပြီးတဲ့အချိန် စိစစ်ပြီးတဲ့အချိန်ပေါ် မူတည်တဲ့အတွက် အချိန်အတိအကျ ဖြေကြားလို့ မရသေးဘူးလို့ဆိုပါတယ်။

ဒါ့အပြင် မှန်ကန်မှုမရှိတဲ့ ကျူးကျော်နေထိုင်သူတွေနဲ့ စီးပွားဖြစ်ကျူးကျော်သူတွေကိုလည်း ပြန်လည်စိစစ် အရေးယူမယ်၊ စာရင်းအားလုံး ကောက်ပြီးချိန်မှာတော့ စိစစ်ရေးအဖွဲ့ပြန်ဖွဲ့ပြီးတော့ ဒီစာရင်းတွေ မှန်ကန်မှု ရှိ၊ မရှိ ပြန်လည်စိစစ်ဖို့ အစီအစဉ်ရှိတယ်လို့သိရပါတယ်။

ဒလမြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ကျူးကျော်စာရင်း ကောက်ခံနေပြီး မရမ်းကုန်းမြို့နယ်မှာလည်း ဒီနေ့ ကောက်ခံနေတယ်လို့ သိရပါတယ်။

မြို့နယ် ၁၃ ခုမှာ ကောက်ပြီးသမျှ ကျူးကျော်အိမ်ထောင်စုပေါင်း ၂၉၂၄၆ အိမ်ထောင်စုရှိပြီး ရာခိုင်နှုန်းအားဖြင့် ၇၀ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီလို့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက လွှတ်တော်မှာပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013