ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အင်ပင်ရဲတပ်ဖွဲ့စခန်းအပိုင် မျှင်ဝါးတောင် သစ်တောကြိုးဝိုင်း၊ ဆင်ကျုံးကျေးရွာအနီး မမြချောင်း နွာကူးစခန်းမှာ ဧပြီ ၃ ရက် နေ့လယ် ၁၂ နာရီ ခွဲခန့်က ကားတစီး ဘရိတ်ပေါက် အရှိန်လွန် တိမ်းမှောက်ပြီး လူ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
“မျှင်ဝါးတောင်ကျေးရွာကနေ ကြိုးဝိုင်းအတွင်း ဝါးခုတ်ဖို့အသွား ကားမောင်းသူ အပါအဝင် လူ ၁၄ ဦး လိုက်ပါလာတဲ့ကားဟာ မမြချောင်းရဲ့ချောင်းမကြီး နွားကူးစခန်းနားအရောက် အဆင်းမှာ ကားက ဘရိတ်ပေါက်ပြီး အရှိန်နဲ့ ရှေ့က လမ်းဘေးသစ်ပင် ရှောင်ရင်း လမ်းပေါ် တိမ်းမှောက်သွားခဲ့တာပါ။ တိမ်းမှောက်ချိန်မှာ ကျနော်နဲ့ ကားမောင်းသူအပါ လူ ၃ ဦးက ကားခေါင်းခန်းထဲမှာ ရှိနေခဲ့ပြီး နောက်က လိုက်လာတဲ့ လူတွေထဲက အခု သေဆုံးတဲ့ သန်းစိုး (အသက် ၄၀-နှစ်) က အိပ်လိုက်လာတာ။ မှောက်တော့ ကားပိလို့ နေရာတင် ပွဲချင်းပြီး သေဆုံးသွားတာပါ” လို့ တိမ်းမှောက်တဲ့ ကားနဲ့ လိုက်ပါလာသူ ဦးသောင်းဟန်က ပြောပါတယ်။
ကားပေါ်မှာ ပါလာတဲ့ လူ ၁၄ ဦးမှာ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူ ၁ ဦးကတော့ ပြင်းထန်တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေကို အင်ပင်တိုက်နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင် ဆေးကုသထားပါတယ်။
ကားတိမ်းမှောက်တဲ့ ဖြစ်စဉ်မှာ မျှင်ဝါးတောင် ရွာနေသူ ကားမောင်သူ တင်အောင်ဝင်း (အသက် ၃၀-နှစ်) ကို အင်ပင်နယ်မြေ ရဲတပ်ဖွဲ့စခန်းက ပ နံပါတ် ယာဉ်ပ (၅/၂၀၁၇ ) ရာဇသတ်ကြီး ဥပဒေပုဒ်မ (၃၀၄ (က)၊ ၃၃၇-၂၇၉ နဲ့ အမှုဖွင့်ပြီး ရဲလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ အင်ပင်ရဲစခန်းဒုရဲအုပ် ဝင်လွင်မိုးက ဒီဗွီဘီကို ပြောပါတယ်။
သတင်း - သန်းထိုက်မြင့်











