
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် နတ်ရှင်ကျေးရွာမှာ အရပ်သား ရွာသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနတ်နဲ့ပစ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၃ ရက်နေ့ ည ၁၁ နာရီအချိန်ဝန်ကျင်းက နတ်ရှင်ကျေးရွာကို ရဲတပ်ဖွဲ့အပါအ၀င် ကျောက်စုအုပ်စု အုပ်ချုပ်ရေးမှူးတို့ ကင်းလှည့်လည်အချိန် အရပ်သားတဦးကို ဝင်ရောက်ဖမ်းဆီးစဉ်မှာ ဖြစ်ပွားခဲ့တာလို့ နတ်ရှင်ကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“နေအိမ်မှာ ၃ ယောက် အရက်သောက်နေကြတယ်။ အခု သေနတ်အပစ်ခံရတဲ့သူက အရက် မသောက်ဘူး။ ရဲက အရက်သောက်နေတဲ့ ၃ ဦးကနေ ၂ ဦးကို ဖမ်းဖို့ လာတာ။ ဘာပြစ်မှုနဲ့ ဖမ်းဖို့ လာတယ်ဆိုတာ မသိဘူး။ အဲဒီတော့ သေဆုံးသူရဲ့ ယောက်ဖတော်စပ်သူကို ရဲက ဖမ်းခေါ်သွားတယ်။ အဲဒီမှာ သေဆုံးသူက သူ့ယောက်ဖနောက်ကို လိုက်သွားတယ်။ အဲဒီမှာ သေနတ်သံ တချက် ဒိုင်းဆိုပြီး ထွက်လာတော့ ကျနော်တို့ ပြေးလွှား သွားကြည့်ကြတော့ သွေးရဲရဲနဲ့ အူ တွေ ထွက်နေတယ်။ ညာဖက်ဝမ်းဗိုက်မှာ အူတွေတန်းလန်းထွက်သွားတယ်။ အဲဒီရွာထဲ အိမ်ရှေ့မှာ ဖြစ်တာနော်။”
ဒါပေမယ့် ပေါက်တောမြို့မရဲစခန်းက စခန်းမှူး ဦးသန်းဌေးကတော့ ရဲတပ်ဖွဲ့ဝင်တဦးဆီက သေနတ်ကို လုရာကနေ သေနတ်မောင်းခလုတ် ဆွဲမိသွားရာကနေ ဖြစ်တာလို့ ဒီဗွီဘီကို ပြောပါတယ်။
“ကျောက်စုအုပ်စု ရဲတပ်သား ၃ ဦးကနေပြီး နက်ရှင်ကျေးရွာမှာ လှည့်ကင်း ဆောင်ရွက် ကြတယ်။ အဲဒီလို ဆောင်ရွက်နေတဲ့အချိန်မှာ ဦးမောင်သန်းဆိုတဲ့လူတယောက်က အရက်သေစာ သောက်စားပြီး ဆူပူရမ်းကားနေလို့ ဖမ်းဆီးလာတယ်။ ဦးမောင်သန်းရဲ့ ယောက်ဖတော်စပ်သူ ကိုမောင်ဖြူဒေါင်းက ရဲတပ်သားအဖွဲ့ ထွန်းလင်းဆိုသူနဲ့ စကားတွေ ကတောက်ကဆ ဖြစ်ပြီးတော့ သေနတ်ကို လုတယ်ပေါ့။ ပြောမယ်ဆိုရင် သေနတ်ကို လုတယ်။ ဆွဲလားရမ်းလား ဖြစ်ကြတယ်။ ရဲတပ်ဖွဲ့က ထွန်းလင်းမှာ ဘီအေ ဂျီ ၃(BA G3) သေနတ်ကျည်ထိုးပြီး ဖြစ်နေတယ်။ မောင်းခလုတ်ကို ဆွဲမိတာ ထင်တယ်။ အဲဒီမှာ တခါတည်း ကျည်က ထွက်သွားရော။”
သေဆုံးသူဟာ နတ်ရှင်ကျေးရွာနေ အသက် ၂၉ နှစ်အရွယ် ကိုမောင်ဖြူဒေါင်းဖြစ်ပြီး အခင်းဖြစ်နေရာမှ ပေါက်တောမြို့ ပြည်သူ့ဆေးရုံကို ချက်ချင်း ဆေးကုသ ဖို့ ယူဆောင်လာခဲ့ပေမယ့် သွေးထွက်လွန်ပြီး ဒဏ်ရာပြင်းထန်တာကြောင့် ဒီမနက်၂ နာရီ ၅၅ မိနစ်မှာ သေဆုံးသွားပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒီမနက်အချိန်အထိ ရဲတပ်သားထွန်းလင်းကို အရေးယူတာ မရှိသေးပါဘူး။ သူ့ကို အရေးယူနိုင်ဖို့ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့အညီ ရဲတပ်ဖွဲ့တချို့က စုံစမ်းစစ်ဆေးဖို့ အခင်းဖြစ်တဲ့နေရာကို ကွင်းဆင်းသွားပြီလို့ စခန်းမှူးက ဒီဗွီဘီကို ပြောပါတယ်။
သတင်း - ၀ဏ္ဏခွာညို











