မောင်တောအကြမ်းဖက်မှု နောက်ပိုင်း အရပ်သား ၂၃ ဦးသေဆုံး
DVB
·
April 4, 2017

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ မနှစ် အောက်တိုဘာ ၉ ရက်ကနေ ဧပြီ ၃ ရက်အထိ အရပ်သား ၂၃ ဦး သေဆုံးပြီး ၁၀ ဦး ပျောက်ဆုံးနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူ ၁၅ ဦးရှိပြီး ဒီအထဲက ၅ ဦးက ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ တချို့က ဓားခုတ်ဒဏ်ရာတွေနဲ့ ပြန်ရောက်လာသူတွေရှိပြီး ကြိုးတုပ်လျက်သားနဲ့ ပြန်လည်တွေ့ရှိ သူတွေလည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ဧပြီ ၂ရက်ကတော့ မောင်တောမြို့နယ် မြင်းလွတ်မြို့ အရှေ့ပိုင်းရပ်ကွက်နေ အာနိုဝါရ် အာရှတ်ကို ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့လည်း သီးခြား သတင်းထုတ်ပြန် ထားပါတယ်။
မြင်းလွတ်မြို့ ရပ်ကွက်(၅) အရှေ့ဘက် မြေပဲစိုက်လယ်ကွင်းထဲမှာ အာနိုဝါရ်အာရှတ်ကို လက်ဝဲဘက်ဂျိုင်းအောက် ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ပြရှဒဏ်ရာ ၂ ချက်၊ နောက်ကြောမှာ ထိုးသွင်းဒဏ်ရာ ၄ ချက်၊ လက်ဝဲဘက်လက်မောင်းပြတ်ရှ ဒဏ်ရာ ၅ ချက်၊ လက်ယာဘက် မျက်လုံးဖောက်ထွက်ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။
မတ် ၃၁ ရက် ညသန်းခေါင်မှာတော့ မောင်တောမြို့နယ် ဘော်တလီ(၁)ကျေးရွာနေ နူမာမောက်ဆိုသူကို မျက်နှာမှာ အဝတ်နက်စည်းထားသည့် လူ ၇ ဦးလောက်က ဓားနဲ့ထောက် ပါးစပ်ပိတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့လို့ ဇနီးဖြစ်သူက ကြိမ်ချောင်းရဲစခန်းကို တိုင်ကြားထားတယ်လို့ သိရပါတယ်။
အဆိုပါနေ့ကပဲ မောင်တောမြို့နယ် ဒိုးတန်းကျေးရွာမှာ မသင်္ကာတရားခံတွေ ရောက်နေ ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းခဲ့ရာမှာ မောင်တောမြို့နယ် သိမ်တောင်ကျေးရွာနေ ဆိုင်ကယ်ကယ်ရီမောင်းသူ မာမတ်ဖော်ရီ (၁၉)နှစ် ပါ ၁၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူတွေဟာ လင်ဘာကုန်းကျေးရွာနေ ဆွေဒူအာမီ ငါးစာကြူးချောင်းမှာ ငါးရှာသွားရာမှ ရွှံ့ဗွက်ထဲ လည်ပင်းလှီးဖြတ် ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမှုနဲ့ ပတ်သက်တွေဖြစ်တယ်လို့ သတင်းမှာဖော်ပြပါတယ်။