DVB Logo
Home
Lead Story
အမျိုးသမီး အိုင်အက်စ်များ
DVB
·
April 3, 2017
အမျိုးသမီး အိုင်အက်စ်များ
Donate to DVB

 

ဒီကနေ့ ကမ္ဘာတဝန်း နေရာအနှံ့အပြားမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပုံစံ အမျိုးမျိုးနဲ့ ကြားနေ၊ မြင်နေကြရပါတယ်။ လက်နက်ငယ်၊ လက်နက်ကြီး၊ လက်ပစ်ဗုံး၊ ချိန်ကိုက်ဗုံး စတဲ့ လက်နက်မျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်တာမျိုးတွေအပြင် အကြမ်းဖက် တိုက်ခိုက်သူကိုယ်တိုင်က သူ့ကိုယ်သူ ဗုံးဖောက်ခွဲ အသေခံပြီး ပစ်မှတ်ကို တိုက်ခိုက်တဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုတွေကိုလည်း ခပ်စိတ်စိတ် တွေ့မြင်လာကြရပါတယ်။ နောက်ပိုင်းမှာတော့ အမျိုးသမီး အကြမ်းဖက်တိုက်ခိုက်သူတွေ ပါဝင်လာတာကို တွေ့ရပါတယ်။

ဖြစ်ရပ်အရ  ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပြင်သစ်နိုင်ငံ၊ ပါရီမြို့ နိုတာဒိမ်း ဘုရားကျောင်းနားမှာ လောင်စာဓာတ်ငွေ့အိုးတွေတင်ပြီး ဗုံးဖောက်ခွဲလိုက်တဲ့အတွက် လူ ၄ ယောက် သေဆုံးခဲ့ရမှု ဖြစ်ပွားသွားခဲ့ရာမှာ ကျူးလွန်သူ ၂ ယောက်ဟာ အမျိုးသမီးငယ်တွေ ဖြစ်ခဲ့ကြပြီး တယောက်က အသက် ၂၉ နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးဖြစ်ပြီး နောက်တယောက်ကတော့ အသက် ၄၀ အရွယ် အမျိုးသမီးတယောက် ဖြစ်ပါတယ်။ သူတို့ဟာ အိုင်အက်စ်အဖွဲ့ရဲ့လူသစ်တွေ ဖြစ်ကြပါတယ်။

အကြမ်းဖက်သမားတွေလို့ ယေဘုယျ စဉ်းစားခံကြရတဲ့သူတွေဟာ ငယ်ရွယ်သူ ယောကျာ်းတွေပဲ ဖြစ်ကြပါတယ်။ အမျိုးသမီးငယ်တွေ ဖြစ်လိမ့်မယ်လို့ စဉ်းစားလေ့ မရှိခဲ့ကြပါဘူး။ အလားတူပဲ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမျိုးသမီး ၃ ဦးက သူတို့ရဲ့ ဝတ်ရုံကြီးတွေအောက်မှာ ကျည်ကာအင်္ကျီတွေ ဝတ်ဆင်ပြီး ကင်ညာနိုင်ငံက ပုလိပ်တပ်ဖွဲ့စခန်းတခုကို ဝင်ရောက်အကြမ်းဖက် တိုက်ခိုက်ခဲ့မှုတခု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတိုက်ခိုက်မှုအတွက် အိုင်အက်စ်အဖွဲ့က သူတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန် ပြောကြားခဲ့ပြီး အမျိုးသမီးတွေတော့ မွန်ဘာဆာမြို့က မူဆလင်တွေအပေါ် ပြုမူဆက်ဆံပုံအတွက် လက်စားချေချင်လို့ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း မိုရော့ကိုနိုင်ငံ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုဗဟိုဌာနက ဗုံးလုပ်ပစ္စည်းတွေ ပိုင်ဆိုင်ထားကြပြီး အသေခံဗုံးခွဲဖို့ ကြံရွယ်ထားကြတာ ဖြစ်တယ်လို့ သံသယရှိတဲ့အတွက် အမျိုးသမီး ၁၀ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ နောက်တလ ဖြစ်တဲ့ နိုဝင်ဘာလထဲမှာတော့ အင်ဒိုနီးရှား အာဏာပိုင်တွေက ဒီယန်းရူလီယာနိုဗီနဲ့ အီကာပူစပီတာစရီ ဆိုတဲ့ အမျိုးသမီး ၂ ယောက်ကို သမ္မတ နန်းတော်ကို ဗုံးခွဲဖို့နဲ့ ဘာလီကျွန်းကို အကြမ်းဖက် တိုက်ခိုက်ဖို့ အသီးသီး ကြံစည်နေကြတယ် ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီလို အမျိုးသမီးတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို နှိုင်းယှဉ်မှုအရ အသေအပျောက်နည်းတဲ့အတွက် လူအများက အာရုံစိုက်မှု နည်းပါးခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီတိုက်ခိုက်မှုတွေက အမျိုးသမီးတွေရဲ့ တော်လှန်ပြောင်းလဲလိုစိတ်နဲ့ အမျိုးသမီးတွေကို လူသစ်စုဆောင်းမှုတွေ မြင့်မားလာမှုကို ပြနေပါတယ်။

ပြင်သစ်နိုင်ငံ ပြည်တွင်းရေးရာဝန်ကြီးဌာနရဲ့ မှတ်တမ်းအရ အိုင်အက်စ်အတွက် ပြင်သစ်လူသစ်စုဆောင်းမှုရဲ့ ၄၀ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ကြပြီး တခြား ပြင်သစ်အာဏာပိုင်တွေရဲ့ အထောက်အထား မှတ်တမ်းတွေအရ ၂၀၁၅ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံကနေ အိုင်အက်စ်တွေနဲ့ ပူးပေါင်းဖို့ အနည်းဆုံး အမျိုးသမီး ၂၂၀ လောက် ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။ ဗြိတိသျှ ကျွမ်းကျင်သူတွေကတော့ ၂၀၁၆ ခုနှစ်ထဲမှာ အနည်းဆုံး အမျိုးသမီး ၆၀ ဟာ ယူနိုက်တက်ကင်းဒမ်းကနေ အိုင်အက်စ်တွေနဲ့ ပူးပေါင်းဖို့ ထွက်ခွာသွားခဲ့ပြီး ဆွီဒင်၊ ဘယ်လ်ဂျီယမ်၊ ကနေဒါနဲ့ အမေရိကနိုင်ငံတွေကနေ အမျိုးသမီး ဒါဇင်ပေါင်းများစွာဟာ အိုင်အက်တွေနဲ့ ပေါင်းဖို့ နိုင်ငံက ထွက်ခွာသွားခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

အဲဒီအမျိုးသမီးလူသစ်တွေရဲ့ အသက်အရွယ်နဲ့ အခြေခံအကြောင်းတရားတွေလည်း မယုံကြည်နိုင်လောက်အောင် အမျိုးမျိုး ကွဲပြားနေတာကို တွေ့ရပါတယ်။ အဲဒီ အကြမ်းဖက် အမျိုးသမီး လူသစ်စုဆောင်းမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် ဂျော့ဝါရှင်တန်တက္ကသိုလ်နဲ့ လုံခြုံရေးနဲ့ မူဝါဒရေးရာ ဘဲလ်ဂရိတ် ဗဟိုဌာနရဲ့ အစီရင်ခံစာတွေက အသက် ၁၅ နှစ်ကနေ အသက် ၄၀ ကျော်အရွယ်အထိ ရှိနေတဲ့ အမေရိကနဲ့ ဥရောပတဝန်းက အမျိုးသမီး ဂျီဟတ်ဝါဒီတွေ တိုးများလာနေတယ်လို့ ပြသနေပါတယ်။ ကင်ညာနိုင်ငံက ဖြည့်စွက်လေ့လာမှုတွေအရတော့ ပညာကောင်းကောင်းတတ်တဲ့ အမျိုးသမီးတွေကတောင် အကြမ်းဖက်သမားတယောက်နဲ့ လက်ထပ်ဖို့ အချစ်စိတ်ကူးယဉ်မှုတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။ တခြား သတင်းရင်းမြစ်တွေရဲ့ အဆိုအရတော့ ဥရောပမှာ နေထိုင်ကြတဲ့ မွတ်ဆလင် အမျိုးသမီးတွေဟာ အထီးတည်းဖြစ်မှု ပိုခံစားလာနေကြသလို ကလေးဘဝမှာလည်း အခက်အခဲ အများကြီးနဲ့ မွတ်ဆလင် ဆန့််ကျင်ရေး သဘောထားတွေ မြင့်တက်လာနေတာကို တွေ့ကြုံခံစားနေရတဲ့အတွက် ဆိုရှယ်မီဒီယာတွေမှာ တခြား အမျိုးသမီးတွေရဲ့တင်ပြရေးသားမှုတွေကြောင့် သူတို့ရဲ့ လူ့အဖွဲ့အစည်းနဲ့ ညီအမဖြစ်မှု ဘဝဖြစ်စဉ်တွေ၊ သဘောထား ခံယူချက်တွေကို ခံစားလာရတဲ့အတွက် အိုင်အက်စ်တွေရဲ့ ဆွဲဆောင်မှုကို ခံခဲ့ရတာဖြစ်တယ်လို့ ဖော်ပြထားတာတွေလည်း ရှိပါတယ်။

အိုင်အက်စ်တွေဟာ အရင်က ဂျီဟတ်ဝါဒီအုပ်စုတွေနဲ့ လမ်းကြောင်းပြောင်း ကွဲပြားသွားခဲ့တဲ့ အချက်ကတော့ အမျိုးသမီးတွေကို ဆီးရီးယားနိင်ငံကို ခရီးသွားပြီး ဂျီဟတ်ဝါဒီတွေနဲ့ လက်ထပ်၊ သားသမီးတွေ မွေးဖွားပေးပြီး အိုင်အက်စ်တွေရဲ့ အနာဂတ် မျိုးဆက်သစ်တွေကို မွေးထုတ်ပေးဖို့အထိ ကြိုးစားလာခဲ့ကြတာပါပဲ။ အဲဒါကို ပြင်သစ် စာနယ်ဇင်းဆရာ မက်သယူးဆပ်ကတော့ “မိသားစု ဂျီဟတ်”လိုပ ခေါ်ခဲ့ပါတယ်။ ဒီလိုနည်းတွေတင် မကပါဘူး။ အိုင်အက်စ်တွေက “အယ်လ် ခန်းဆား” လို့ ခေါ်တဲ့ အမျိုးသမီးအားလုံး လုံခြုံရေးတပ်ဖွဲ့ကို တည်ထောင်ပေးခဲ့ပါတယ်။ အဲဒီအဖွဲ့ရဲ့ တာဝန်ကတော့ ဆီးရီးယားနိုင်ငံ ရတ်ခါးမှာ နေထိုင်နေကြတဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေးကို အိုင်အက်စ်တွေရဲ့ ပြန်ဆိုနားလည်မှုအရ ဖြစ်တဲ့ အစ္စလာမ်တရားတော်နဲ့အညီ ကာကွယ် စောင့်ရှောက် အာမခံချက်ပေးဖို့ ဖြစ်ပါတယ်။

မဟာဗျူဟာ ပြောဆိုဆွေးနွေးမှု အင်စတီကျုက ဆာရှာဟဗ်လီဆက်ကတော့ ဒီတပ်ဖွဲ့ရဲ့ တည်ရှိမှုဟာ အိုင်အက်စ်တွေကို အမျိုးသမီးငယ်တွေဟာ ခိုင်မာအားကောင်း အမှီအခိုကင်းမဲ့တဲ့ “ဂျီဟတ်အမျိုးသမီး စွမ်းအားရှင်”တွေအဖြစ် အဖိနှိပ်ခံ ရှေးရိုးစွဲ မွတ်ဆလင် အမျိုးသမီး ဆန့်ကျင်ရေးကို ဆောင်ရွက်ကြဖို့ လှုံ့ဆော် ဆွဲဆောင် သိမ်းသွင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကံမကောင်း အကြောင်းမလှ ဖြစ်ရတဲ့ အချက်ကတော့ အကြမ်းဖက်ဝါဒဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်မှုတွေက အမြဲလိုလို ယောက်ျား အကြမ်းဖက်သမားတွေရဲ့ ပုံပန်းကိုပဲ ဖော်ဆောင်ပေးလေ့ ရှိတာပါပဲ။ အဲဒါကြောင့် အမျိုးသမီးတွေကို အကြမ်းဘက်သမားရယ်လို့ ကြည့်မြင်လေ့ မရှိကြပါဘူး။ အဲဒါကြောင့်ပဲ သူတို့ဟာ အကြမ်းဖက် စစ်ဆင်တိုက်ခိုက်မှုတွေ လိုအပ်တဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေ စုစည်းလွှဲပြောင်းပေးအပ်မှုတွေကို အမျိုးသားတွေထက် ပိုပြီး လွယ်လွယ်ကူကူ ဆောင်ရွက် အကူအညီပေးနိုင်တာကို တွေ့ရပါတယ်။ မွတ်ဆလင်အမျိုးသမီးတွေရဲ့ အစဉ်အလာ ခေါင်းမီးခြုံ ဝတ်ရုံတွေဟာလည်း လက်နက်တွေကို ဖုံးဝှက်သယ်ဆောင်ဖို့ အလွန်လွယ်ကူနေတယ် ဆိုတာကတော့ အများ မြင်သာထင်ရှား ဖြစ်ပါတယ်။

ဒီအချက်ကိုလည်း အိုင်အက်စ် ဦးစီးခေါင်းကိုင်တွေက သိမြင်နားလည်ထားကြပြီး ဖြစ်တဲ့အတွက် ဒီအချက်ကို အားကောင်းချက်အဖြစ် ဆက်ပြီး အသုံးချ စည်းရုံးသိမ်းသွင်း အသုံးချသွားမှာ ဖြစ်သလို ကျနော် အထက်မှာ ပြခဲ့တဲ့ ခံစားချက်တွေ ရှိလာတဲ့ အမျိုးသမီးတွေကလည်း အိုင်စက်စ် တပ်ဖွဲ့ဝင်သစ်တွေ ဖြစ်လာကြဦးမယ်လို့ ယူဆရပါတယ်။      

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013