DVB Logo
Home
မြန်မာသတင်း
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပပါက ၂၁ ရာစုပင်လုံညီလာခံထိခိုက်နိုင်
DVB
·
April 3, 2017
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပပါက ၂၁ ရာစုပင်လုံညီလာခံထိခိုက်နိုင်
Donate to DVB

 

ရှမ်းအမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ဘူးဆိုရင် လာမယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ  ရှမ်းလူမျိုးတို့ရဲ့ ဆန္ဒသဘောထားတွေ တင်ပြနိုင်မှာ မဟုတ်ဘူးလို့  RCSS/SSA  ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းငင်းက ဒီဗွီဘီကို ပြောပါတယ်။

“လူမျိုးအလိုက် အမျိုးသားဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပမယ်ဆိုရင် UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီနဲ့ ညှိနှိုင်းရမယ်ဆိုတဲ့ သတ်မှတ်ချက်အတိုင်း ကျနော်တို့က UPDJC နဲ့ ညှိနှိုင်းပြီးပြီ၊ ရှမ်းပြည်ကြီးကြပ်ရေးကော်မတီလည်း ဖွဲ့ထားပြီးပြီ၊ ကျနော်တို့က တောင်ကြီးမှာလုပ်မယ်ပေါ့။  ဒါပေမယ့် စစ်တပ်ဘက်က တောင်ကြီးမှာ ပေးမလုပ်ဘဲ မိုင်းပန် ဒါမှမဟုတ် မုံးတော့မုံးထားမှာလုပ်ဖို့ ပြောတယ်၊ အဲဒီနေရာတွေက လူပေါင်း ၅၀၀ ကျော်အတွက်  သွားရေးလာရေး၊ နေရာထိုင်ခင်း အဆင်လုံးဝမပြေဘူးဗျ။ ဒါကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က UPDJC ဥက္ကဋ္ဌလည်းဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်ဆီကို စာရေးပြီး တောင်ကြီး ဒါမှမဟုတ် ပင်လုံမှာ ကျင်းပခွင့်ရဖို့ ခွင့်တောင်းထားတာ၊ တစ်လကျော်ပြီ ခုထိဘာမှ အကြောင်းမပြန်သေးဘူး။ ဒီကြားထဲမှာ UPDJC အတွင်းရေးမှူ အဖွဲ့တွေ ရဲ့ အစည်းအဝေးမှာ  အလွတ်သဘောအရင်ညှိနှိုင်းတာတွေရှိတယ်။ အနေအထားက အစိုးရ ဘက်က ခွင့်ပြုချင်ပေမယ့် စစ်တပ်က မပေးလုပ်ချင်ဘူး။ အဲလိုပြဿနာအခက်အခဲရှိနေတယ်။ ကျနော်တို့ ကလည်း တောင်ကြီးနဲ့ပင်လုံမှာမှ မလုပ်ရရင် မလုပ်ဘူး။ အဲဒီတော့ ရှမ်းလူမျိုး ဆိုင်ရာအဖွဲ့အားလုံး တွေ့ဆုံ နိုင်မှာမဟုတ်သလို ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာလည်း ရှမ်းလူမျိုးတွေရဲ့ ဆန္ဒသဘော ထားတွေ တင်ပြနိုင်မှာ မဟုတ်ဘူး။”

အခုလို တောင်ကြီးနဲ့ ပင်လုံမှာ ပြုလုပ်ခွင့်မရှိတာနဲ့ ပတ်သက်ပြီး  နိုင်ငံတော် အတိုင်ပင်ခံရုံး ၀န်ကြီးဌာန  ညွှန်ကြားရေးမှူးချုပ်  ဦးဇော်ဌေးကတော့  ရှမ်းအမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲကို  RCSS/SSA  ရှမ်းလက်နက်ကိုင်အဖွဲ့က ဦးဆောင်ဆွေးနွေးမှာဖြစ်တဲ့အတွက် RCSS/SSA ထိန်းချုပ်နယ်မြေ မိုင်းပန်သို့မဟုတ် မုံးတော့မုံးထားမှာသာ ကျင်းပစေလိုတာလို့ ဒီဗွီဘီကို ဖြေကြားထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ရှမ်းတိုင်းရင်သားများဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးစိုင်းညွန့်လွင် ကတော့ ရှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဟာ အာရ်စီအက်စ်အက်စ်တဖွဲ့ တည်း လုပ်တာ မဟုတ်ဘဲ ရှမ်းလက်နက်ကိုင်အဖွဲ့၊ ရှမ်းနိုင်ငံရေး၊ လူမှုအခြေပြု အဖွဲ့တွေအားလုံးပါဝင်ဆွေးနွေး သဘောထား ရယူထားတာဖြစ်ကြောင်း၊ ရှမ်းအဖွဲ့အားလုံး အဆိုပြုတဲ့ နေရာမှာ လုပ်ခွင့်မရှိတာဟာ ရှမ်းလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကျဆင်းစေလို့ တောင်ကြီး ဒါမှမဟုတ် ပင်လုံမှာ လုပ်နိုင်အောင် ဆောင်ရွက်သွားမယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

“မုံးတော့မုံးထားမှာ သွားလုပ်ရမယ်ဆိုရင်တော့ ကျနော်တို့မလုပ်နိုင်ဘူး။ နေရာအခက်အခဲ ဆိုတာ ထက် ရှမ်းလူမျိုးရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်တယ်။  သိက္ခာအကျခံပြီး သွားမလုပ်နိုင်ဘူး၊ ကျေ န်ာတို့ ရှမ်းအဖွဲ့တွေ အဆိုပြုတဲ့နေရာမှာဘဲ လုပ်လို့ရအောင် ညှိနှိုင်းမယ်။ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံ ဒါမှမဟုတ်  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ရှမ်းလူမျိုးရဲ့   ဆန္ဒသေ ဘာထားတွေ မပါလို့ မရဘူးလေ”

ရှမ်းအမျိုးသားဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနိုင်ဖို့ ရှမ်းလက်နက်ကိုင်အဖွဲ့အစည်း၊ ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်း၊ ဥပဒေပညာရှင်တွေ ပါဝင်တဲ့အဖွဲ့တွေဟာ ရှမ်းနိုင်ငံရေး ဆွေးနွေးပွဲကျင်းပရေး ကြိုတင်ပြင်ဆင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၄ ရက်က တောင်ကြီးမြို့မှာဘဲ ကျင်းပခဲ့တာပါ။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှာ အဖွဲ့ပေါင်း ၁၅ ဖွဲ့ခွဲကာ  ရှမ်း၊ ကချင်၊ ကယား ပြည်နယ် ၃ ခု နဲ့ ပြည်ပရောက် ရှမ်းတွေကြား စုစုပေါင်း ၄၄ မြို့ကို သွားရောက်ပြီး  ရှမ်းပြည်သူတွေရဲ့သဘောထားတွေ ကောက်ယူခဲ့ပါတယ်။

ဒေသအသီးသီးက ရလာတဲ့ သဘောထားတွေအားလုံးကို  ဘုံသဘောတူချက် စုစည်းပြီး အစိုးရနဲ့ အန်စီအေလက်မှတ်ထိုးထားတဲ့ RCSS/SSA အဖွဲ့က ဦးဆောင်ကာ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးဆွေးတင်ပြဖို့ ရှိပေမယ့်  နေရာအခက်အခဲကြောင့် ဒီကနေ့ထိ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကြီး မကျင်းပနိုင်သေးတာပါ။

ပထမအကြိမ်  ၂၁ ရာစုပင်လုံ  ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို  ၂၀၁၆  သြဂုတ်လကုန် နဲ့ စက်တင်ဘာလဆန်းပိုင်းက ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ညီလာခံ ကျင်းပမယ့်ရက်ကိုတော့ အတိအကျမသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013