ရန်ကုန်စာအုပ်တန်း ယာယီပိတ်သိမ်း၊ မိုးအကုန်တွင် ပြန်ဖွင့်မည်
ရန်ကုန်မြို့၊ သိမ်ဖြူလမ်းမပေါ်မှာ အပတ်စဉ်၊ စနေ၊ တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ရောင်းချနေတဲ့ ရန်ကုန်စာအုပ်တန်းကို ဧပြီ ၂ ရက်ကစပြီး ယာယီပိတ်သိမ်းလိုက်ပါတယ်။
မကြာမီ မိုးရာသီကာလ ရောက်လာမှာဖြစ်လို့ ယာယီပိတ်သိမ်းတာဖြစ်ပြီး အောက်တိုဘာလ မိုးအကုန်မှာ ပြန်လည်ဖွင့်လှစ်မယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောပါတယ်။
“အခု မိုးကျတော့မှာမို့ ခဏနားမယ်။ မိုးအကုန် အောက်တိုဘာကျမှ ဆက်ပြီးခင်းကျင်းမယ်။ အဲဒီအချိန်ကျရင် အခုထက်ပိုပြီး သပ်သပ်ရပ်ရပ် လှလှပပ ဖြစ်သွားနိုင်တယ်။”
သိမ်ဖြူလမ်း၊ ဝန်ကြီးများရုံးရှေ့မှာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ရောင်းချပေးနေတဲ့ စာအုပ်တန်း နောက်ဆုံးရက်သတ္တပတ်မှာ စာအုပ်အရောင်းဆိုင်တွေက လျှော့ဈေးနဲ့ ရောင်းချပေးနေသလို အခမဲ့ပေးနေတာတွေလည်း ရှိပါတယ်။











