
ဆောင်းရာသီ နီးကပ်လာတာနဲ့အမျှ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်ဖို့ ပိုပြင်းပြင်းထန်ထန် ကြိုးပမ်းအားထုတ်နေချိန်မှာ ဥရောပနိုင်ငံကြီး ၅ နိုင်ငံအဖွဲ့ (E5) က ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အားဖြည့်ကူညီဖို့ ကတိပြုလိုက်ကြပါတယ်။
E5 အုပ်စုက ကာကွယ်ရေးဝန်ကြီးတွေဟာ ပြင်သစ်မြို့တော် ပါရီက ပြင်သစ် ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်မှာ အောက်တိုဘာ ၂၆ ရက်က တွေ့ဆုံခဲ့ကြပါတယ်။
ပိုလန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနဲ့ ဗြိတိန်နိုင်ငံတို့က ကိုယ်စားလှယ်တွေ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်းဒေသတို့မှာ ဖြစ်ပွားနေဆဲ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတာပါ။
ယူကရိန်းနိုင်ငံအတွက် နိုင်ငံရေး၊ စစ်ရေးနဲ့ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေကို တိုးမြှင့်ပေးသွားမယ်လို့ ကတိကဝတ်ပြုခဲ့ကြပါတယ်။
E5 အဖွဲ့က ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ရာမှာ အပစ်အခတ်ရပ်စဲရေး ဒါမှမဟုတ် ငြိမ်းချမ်းရေး သဘောတူညီချက်တရပ် ရလာတဲ့အခါ ယူကရိန်းရဲ့ မဟာမိတ်အဖွဲ့တွေက လုံခြုံရေးဆိုင်ရာ အာမခံချက်တွေကို ပေးမဲ့အစီအစဉ်ကိုလည်း ထောက်ခံအားပေးကြောင်း ဖော်ပြထားပါတယ်။
ရုရှား ရေနံကုန်သွယ်မှုအပေါ် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ရှောင်ဖို့ သုံးနေတဲ့ သင်္ဘောကွန်ရက် “အရိပ်သင်္ဘောအုပ်စု” ကို ကိုင်တွယ်ဖြေရှင်းဖို့ ပိုတိုးပြီး ကြိုးပမ်းအားထုတ်သွားမယ်လို့ ဝန်ကြီးတွေက ကတိပြုခဲ့ကြပါတယ်။
ယူကရိန်း စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုတွေကို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တခုက သတ်မှတ် ဖော်ပြခဲ့ပါတယ်။
အဲဒီအချိန်မှာ ယူကရိန်းနိုင်ငံကို လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်တွေ ထပ်ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ကတိကဝတ် ထွက်ပေါ်လာတာပါ်
တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ တွေ့ရှိချက်တွေအရ ရုရှားတပ်တွေဟာ အရပ်သားပြည်သူတွေအတွက် မရှိမဖြစ်လိုတဲ့ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ အလုံးအရင်းနဲ့ ကျူးကျော်ဝင်ရောက်လာချိန်က စတဲ့ ဒီစစ်ပွဲအတွင်း ရုရှားဟာ ယူကရိန်းနိုင်ငံထဲက အရပ်သားပြည်သူတွေအတွက် အပူပေးစနစ်တွေ လည်ပတ်နိုင်စွမ်းကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။
Source: Reuters











