DVB Logo
Home
Lead Story
တံတားဂယက်ကြောင့် မဟုတ်၊ အန်အယ်လ်ဒီ ဦးအေးဝင်းက ဒေသခံ မဟုတ်လို့ မဲမထည့်ကြတာ - ဦးအောင်ကြည်သိန်း
DVB
·
April 2, 2017
တံတားဂယက်ကြောင့် မဟုတ်၊ အန်အယ်လ်ဒီ ဦးအေးဝင်းက ဒေသခံ မဟုတ်လို့ မဲမထည့်ကြတာ - ဦးအောင်ကြည်သိန်း
Donate to DVB

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအောင်ကြည်သိန်း ရွေးချယ်ခံရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဧပြီ ၂ရက်မှာ ကြေညာခဲ့ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အာဏာရ အန်အယ်လ်ဒီပါတီကိုယ်စားလှယ်တွေချည်း အနိုင်ရခဲ့တဲ့ ချောင်းဆုံမှာ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တဦး အနိုင်ရခဲ့ပါပြီ။

ဒီလို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တဦး ချောင်းဆုံမှာ အနိုင်ရခဲ့တာဟာ မကြာသေးခင်က အုတ်အော်သောင်းတင်းဖြစ်ခဲ့တဲ့ သံလွင်တံတား နာမည်ပေးတဲ့ကိစ္စနဲ့များ ပတ်သက်ဆက်နွှယ်မှု ရှိနေပါသလား။

အခု ချောင်းဆုံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဦးအောင်ကြည်သိန်းကတော့ အဲ့ဒီတံတားဂယက်ကြောင့်လို့ မမြင်မိဘဲ အန်အယ်လ်ဒီကိုယ်စားလှယ် ဦးအေးဝင်းဟာ ဒေသခံ မဟုတ်လို့ မဲမထည့်ကြတာဖြစ်တယ်လို့ ပြောပါတယ်။

ဦးအောင်ကြည်သိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ပထမဆုံး ဦးအောင်ကြည်သိန်းရဲ့ ကိုယ်ရေးအကျဉ်း မိတ်ဆက် တင်ပြပေးပါ။

ဖြေ- ၂၀၁၅ ဇန်န၀ါရီမှာ စိုက်ပျိုးဦးစီးဌာနကနေ ညွှန်ကြားရေးမှူးနဲ့ ပင်စင်ယူတယ်၊ ပင်စင်ယူပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော် ၀င်ပြိုင်တယ်၊ ပြည်နယ်လွှတ်တော်အမှတ် ၁ ဒီ ချောင်းဆုံပဲ၊ ၀င်ပြိုင်တော့ အဲ့ဒီမှာ ကျနော် မနိုင်ဘူး။ ကျနော့်မွေးသက္ကရာဇ်က ၁၉၅၈ ခု၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာမှာ အဘ ဦးမြမွှေး၊ အမိ ဒေါ်လှမေကနေပြီးတော့ ကွမ်ရိုက်ကျေးရွာမှာ မွေးတာပေါ့နော်၊ ကွမ်ရိုက် အမက ရွာလွတ် အထက၊ ပြီးတော့ စက်မှု အထက မော်လမြိုင်၊ ပြီးတော့ ဒေသကောလိပ် မော်လမြိုင်၊ ပြီးတော့မှ ရန်ကုန်စက်မှုတက္ကသိုလ်၊ ၁၉၈၂ မှာ ဘီအီး မက္ကနစ်ကယ်ဘွဲ့ရတယ်၊ အဲ့ကနေပြီးတော့ အဲ့ဒီတုန်းကတော့ လယ်ယာစိုက်ပျိုးရေးကော်ပိုရေးရှင်းပေါ့၊ ကျနော် ဒုလုပ်ငန်းမှူးနဲ့ ၁၉၈၃ မှာ စပြီး တာဝန်ထမ်းဆောင်တာပေါ့၊ ထမ်းဆောင်ပြီးတော့မှ စောစောက ကျနော်ပြောတဲ့ ၂၀၁၅ မှာ ညွှန်ကြားရေးမှူး စီမံနဲ့ ပင်စင်ယူခဲ့ပါတယ်။

မေး - ပြည်ခိုင်ဖြိုးပါတီကနေ ဘာ့ကြောင့် ၀င်ပြီး အရွေးခံတာလဲဗျ။

ဖြေ - အဲ့ဒီ ပါတီက ကျနော်နဲ့ ပတ်သက်တာပေါ့နော်၊ ရှိတာပေါ့နော်။ တချို့ကျ ကျနော်နဲ့ ရင်းနှီးတဲ့ ကျနော့် ဆရာသမားတွေရှိတယ်၊ သူငယ်ချင်းတွေ အပေါင်းအသင်းတွေရှိတယ်၊ အဲ့ဒါကြောင့်မို့ပါ။

မေး - ၂၀၁၅တုန်းက ၀င်ပြိုင်တယ်၊ မနိုင်ဘူး။ အခု ၂၀၁၇ ကြားဖြတ်မှာ ၀င်ပြိုင်တယ်၊ နိုင်တယ်။ အဲ့ဒီ ၂ ခု ဘာကွာသွားတယ်လို့ မြင်လဲဗျ။

ဖြေ - ကျနော် မြင်တာကတော့ ကျနော်က ပြည်သူတွေနဲ့ ထိတွေ့တာ နည်းနည်း ပိုများတယ်၊ စည်းရုံးရေးဆင်းရာမှာလည်း ပိုပြီး ထိတွေ့မှု ပိုများတယ်၊ နောက် ဒီဒေသကအမြင်ပေါ့နော်၊ နံပါတ်တစ်က အရင်တုန်းက သမ္မတကြီး ဦးသိန်းစိန် တံတားတွေ လျှပ်စစ်တွေ လုပ်ပေးထားတယ်၊ အဲ့ဒီ အရှိန်အ၀ါတွေ ရှိတယ်၊ အဲ့ဒါ တခု။ နောက်တခုကတော့ ပါတီဝင်တွေ တော်တော်များများ ရှိပါတယ်၊ ပါတီကို ယုံကြည်တဲ့သူ တော်တော်များများ ရှိပါတယ်။ နောက်တခုကတော့ ကျနော့်ကို နည်းနည်းရင်းနှီးတဲ့ မိတ်ဆွေအပေါင်အသင်းတွေလည်း ရှိပါတယ်၊ အဲ့ဒီအချက် ၃ ချက်ပေါ့။ သမ္မတကြီးရယ်၊ ပါတီရယ်၊ ကျနော်ရယ်ပေါ့နော်၊ အဲ့ဒါတွေပေါ်မူတည်ပြီးတော့ မဲတွေ ပိုပြီးတော့ ထဲ့ပေးလိုက်တယ်လို့ပဲ မြင်ပါတယ်။

မေး - ဟုတ်ကဲ့၊ ကျနော်တို့ ကြားတဲ့ သတင်းတွေအရ ဦးအောင်ကြည်သိန်းဟာ မွန်လူမျိုးတယောက်လည်းဖြစ်တယ်၊ လူမှုရေးလုပ်ငန်းတွေလည်း လုပ်တော့ လူ ပိုသိပြီး အရွေးခံရတာ ဖြစ်နိုင်တယ်လို့ ပြောနေကြတာတွေလည်း ရှိတယ်။ အဲ့ဒီအပေါ်ရော ဘာပြောစရာရှိလဲ။

ဖြေ - မရှိပါဘူးခင်ဗျ၊ အဲ့ဒီအပေါ်လည်း မှန်ပါတယ်ခင်ဗျ။

မေး - ဒီ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ သံလွင်တံတား ချောင်းဆုံ နာမည်ပေးတဲ့ကိစ္စ ဒေသခံတွေ ကန့်ကွက်ခဲ့ကြတယ်။ အဲ့ဒီ တံတားနာမည် ဂယက်က ကြားဖြတ်အပေါ် သက်ရောက်မှု ရှိတယ်လို့ မြင်မိလား။

ဖြေ - ကျနော်တော့ မမြင်မိဘူးဗျ၊ အဲ့ဒီဂယက်က သိပ်ပြီးတော့ မမြင်ရဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ မဲထည့်တဲ့ ပုံစံမျိုးကလည်း ခါတိုင်း ၂၀၁၅ ပုံစံလိုပါပဲ၊ သူတို့ ထည့်တာက။ တခုပဲ အဲ့ဒီမှာ အန်အယ်လ်ဒီ ဦးအေးဝင်းကို မထည့်တာလည်း ဒေသခံ မဟုတ်လို့ပဲ။ အဲ့ဒါ တခုပါပဲ၊ ကျန်တာတော့ သိပ်ပြီး ထူးထူးထွေထွေ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ မွန်ဒေသကလည်း သူ ရသင့်တဲ့ ၂၀၁၅ မဲ အရေအတွက်လောက်ပဲ သူက ပြန်ရတာကိုး၊ အဲ့ဒါကြောင့် သိပ်ပြီးတော့ ထူးဆန်းတယ်လို့ ကျနော်တော့ မမြင်ပါဘူး၊

မေး - နောက်တခုက မွန်ပါတီတွေ ကွဲလို့ ပြည်ခိုင်ဖြိုး နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်တယ်လေ၊ အဲ့ဒီအပေါ်ရော။

ဖြေ - အဲ့ဒါတော့ အနည်းအကျဉ်းလောက်ပဲ မှန်ပါတယ်။ ဘာလို့ဆိုတော့ မွန်အမျိုးသားပါတီအနေနဲ့က ဒီဘက်က သိပ်အားမကောင်းဘူးခင်ဗျ။ သူတို့က ဒီဘက်မှာ မဲနည်းနည်းပဲ ရနိုင်တယ်၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီပဲ နည်းနည်း အမှတ် ၁ နယ်မြေမှာ အား ရှိတယ်၊ ရွာ ၄-၅ ရွာကတော့ သူတို့ တော်တော် အားကောင်းတာပေါ့နော်၊ ကျနော်တို့ တောင်ပိုင်း အမှတ် ၂ ဆိုတာကတော့ မွန်ပါတီအနေနဲ့ အား မရှိပါဘူး။

မေး - ဦးအောင်ကြည်သိန်း ရွေးချယ်ခံရပြီဆိုတော့ လတ်တလော ဘာစိတ်ကူးတွေ ရှိသလဲဗျ။

ဖြေ - အခု ကျနော် လမ်းပေါ်မှာပဲ၊ အခု ကျနော် ရွာတွေကို သွားပြီးတော့ သူတို့ကို ပြန်ပြီး သွား နှုတ်ဆက်နေတာပေါ့၊ တချို့ သူတို့ လိုအပ်တဲ့ဟာတွေ ပြောတာ ဆိုတာတော့ ရှိမှာပေါ့လေ၊ လုပ်ပေးကိုင်ပေးနိုင်တဲ့ ကိစ္စတွေ ရှိရင်တော့ လုပ်ပေးမှာပေါ့။ လွှတ်တော်ခေါ်ရင်တော့ အဲ့ဒီအချိန်ကျမှ ဘာတွေ ရှေ့ဆက်လုပ်မလည်းဆိုတာ ဒေသခံတွေနဲ့ ပတ်သက်တဲ့ဟာ ဆက် ဆောင်ရွက်မှာပေါ့၊

မေး - တံတားနာမည်ပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဦးအောင်ကြည်သိန်း တယောက်တည်းရဲ့အမြင် ပြောပေးပါ။

ဖြေ - ကျနော်တို့ ပါတီအနေနဲ့ ကြေညာချက်ထုတ်ပြန်ထားတာ ရှိပါတယ်၊ ချောင်းဆုံဒေသခံပြည်သူတွေရဲ့ သဘောဆန္ဒအတိုင်းသာ ဖြစ်ပါတယ်ဆိုပြီးတော့ ကြေညာထားတာ ရှိပါတယ်၊ အဲ့ဒီ သဘောထားအတိုင်းပဲ ကျနော်တို့ ရပ်တည်ပါမယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013