DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးမြို့နယ်တွင် မမှန်မကန်မဲလာပေးသူများကို အမှုဖွင့်အရေးယူ
DVB
·
April 1, 2017
ကျောက်တံခါးမြို့နယ်တွင် မမှန်မကန်မဲလာပေးသူများကို အမှုဖွင့်အရေးယူ
1 / 5
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်ရှိ မဲရုံတချို့မှာ ဒီကနေ့မနက်ပိုင်းက မမှန်မကန် မဲလာပေးသူတချို့ကို စစ်ဆေးတွေ့ရလို့ သက်ဆိုင်ရာက အမှုဖွင့်အရေးယူထားတယ်လို့ မြို့နယ် ရဲစခန်းက ပြောပါတယ်။

ဆန္ဒမဲပေးရာမှာ လူတစ်ဦးတည်းက ဆန္ဒမဲ ၂ ကြိမ်ပေးခဲ့ပြီး တခြားတစ်ဦးကတော့ ဆန္ဒမဲပေးခွင့်မရှိသူဘဲ လာရောက်မဲပေးခဲ့တာဖြစ်ပြီး ရပ်ကျေးရွေးကောက်ပွဲကော်မရှင်က ကျောက်တံခါးမြို့မစခန်းမှာ အမှုဖွင့်ထားတာပါ။

ကျောက်တံခါးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက “ပထမဟာက အမျိုးသားပေါ့၊ သူက သူ့အမအတွက် ကိုယ်စား မဲပေးတာ။ သူ့ကိုတော့ ရွေးကောက်ပွဲဥပဒပုဒ်မ ၅၉(ဆ)(ဇ)နဲ့ အမှုဖွင့်ထားတယ်။ (ဆ) ဆိုတာက တစ်ကြိမ်ထက်ပိုပြီးမဲပေးတာပေါ့၊ (ဇ)ကတော့ သူတပါးအယောင်ဆောင်ပြီး မဲပေးတာပေါ့။ ဒုတိယဟာကတော့ ကောင်မလေး၊ သူ့အသက်က ၁၇ နှစ်ပဲရှိသေးတယ်။ တောင်ငူတက္ကသိုလ် အဝေးသင်အီးမေဂျာက၊ သူကတော့ သူ့ရဲ့အဒေါ်အတွက် ကိုယ်စားသွားပေးတာ။ သူတို့က စလစ်တွေပေးတာနဲ့ မဲလက်မှတ်ထုတ်ပေးတဲ့အခါကျတော့ လူကို မစိစစ်မိတာပေါ့။ အဓိကကတော့ မဲပုံးထဲရောက်ပြီးမှ သိတဲ့အခါကျတော့ ဘာမှလုပ်လို့မရတော့ဘူး။ သူတို့ကို အရေးယူဖို့ တလမ်းပဲရှိတော့တယ်။ ဒီမဲလက်မှတ်တွေက မဲပုံးထဲရောက်သွားပြီ။ အဲ့ဒါကြောင့် အမှုဖွင့်လိုက်ရတာ။ နှစ်ခုလုံးကို ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌတွေကပဲ တရားလိုလုပ်ပြီး အမှုဖွင့်တာ။ ဒီအမှုက အာမခံပေးလို့ရတဲ့ အမှုဆိုတော့ အာမခံပေးမှာလေ။ လက်ရှိကတော့ သူတို့ဘာရည်ရွက်ချက်နဲ့ပေးလည်းဆိုတာ စစ်နေတုန်းပဲ။ အခုအမှုဖွင့်ခံရတဲ့ နှစ်ယောက် လုံးက ဘယ်ပါတီကမှမဟုတ်ဘူး။”

ဒါ့အပြင် ကျောက်တံခါးမြို့နယ်မှာ ဆန္ဒမဲလက်မှတ်မရရှိသူ ၆၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးက "ကျမတို့က ရပ်ကျေးကော်မရှင်တွေကိုပဲ အကုန်တာဝန်ပေးထားတာလေ။ ရာအိမ်မှူး/ဆယ်အိမ်မှူးတွေကနေ ဝေတာဆိုတော့ သူတို့ ရပ်ကျေးကလည်း ကျမတို့ ကော်မရှင်အဖွဲအစည်းကလည်း နည်းတဲ့အခါကြတော့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကိုပဲ ခိုင်းရတာဆိုတော့ နည်းနည်းအခက်အခဲတော့ရှိတယ်။ အဲဒါ ဘယ်လိုဖြစ်ပြီး ကျန်တာလဲဆိုတာတော့ ကျမကလည်း ရွာမဆင်းတဲ့အခါကြတော့ မသိဘူးလေ။ အဓိကကတော့ အစ်ကိုတို့ သူတို့လိုက်ဝေတဲ့ အပိုင်ရာအိမ်မှူးတွေကိုမေးရင်တော့ ပိုသိတာပေါ့။ ဘာကြောင့်ဒီလူတွေ လက်ထဲကို မရောက်တာလဲ ဆိုတဲ့ဟာတော့သူတို့မှာပဲ အကြောင်းပြချက် ရှိမယ်”လို့ပြောပါတယ်။

ကျောက်တံခါးမြို့နယ်မှာ မြို့ပေါ်မဲရုံ ( ၆ )ရုံ၊   တစ်မြို့နယ်လုံး မဲရုံ စုစုပေါင်း၂၀၃ ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၁၇၆၉၅၄ ဦးနဲ့  ကြိုတင်ပေးခဲ့သူ ၃၀ လောက်ရှိပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကျော်အောင်

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013