DVB Logo
Home
နိုင်ငံတကာ
ဘိုလီးဗီးယားသမ္မတ၏အကြံပေးကို လူသတ်ရန်ကြိုးပမ်းမှုသံသယဖြင့် ဖမ်းဆီးမိန့်ထုတ်
DVB
·
August 22, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဘိုလီးဗီးယားတရားရုံးဟာ နိုင်ငံရေး ဝေဖန်သုံးသပ်သူ နာဒီယာဘဲလားကို သေနတ်နဲ့ပစ်ခတ်မှုမှာ သံသယရှိသူဖြစ်တဲ့ သမ္မတ ရိုဒရီဂိုပက်ဇ်ရဲ့ အကြံပေး ဖာနန်ဒိုဆယ်ရီမဲဒိုကို ပါလ်မာဆိုလာ အကျဉ်းထောင်မှာ ရက်ပေါင်း ၁၈၀ ယာယီ ဖမ်းဆီးထိန်းသိမ်းထားဖို့  အမိန့်ထုတ်ပြန်လိုက်ပါတယ်။

ဘဲလားရဲ့ရှေ့နေ ဟားဟတ်စ် ဟူစတီနီယန်နိုက "တရားသူကြီးက အမှန်တကယ် ပြစ်မှုကျူးလွန်သူ ဟာ မစ္စတာ ဆယ်ရီမဲဒို ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆထားပြီး သူ့မှာ ပြစ်မှုကျူးလွန်ကြောင်း ပြသနေတဲ့ အချက်အလက်တွေ အများကြီး ရှိနေသလို တရားဥပဒေကြောင်းအရ စိုးရိမ်ရတဲ့အချက် အနည်းဆုံး ၅ ချက်ကိုလည်း တွေ့ရှိထားတာကြောင့် အခုလို ယာယီ ထိန်းသိမ်းမိန့် ထုတ်လိုက်တာပါ" လို့ ပြောပါတယ်။

သမ္မတဟောင်း အီဗိုမိုရာလေ့စ်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ နိုင်ငံရေးလေ့လာသုံးသပ်သူနဲ့ ဆောင်းပါးရှင် ဘဲလားဟာ ဟိုတယ်တခုမှာ သေနတ်နဲ့ ၃ ချက် ပစ်ခတ်ခံခဲ့ရတာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရပါတယ်။

သူ့ရဲ့ ကျန်းမာရေး အခြေအနေ အသေးစိတ်ကိုတော့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

တိုက်ခိုက်သူတွေဟာ အစားအသောက် ပို့ဆောင်သူတွေလို ဟန်ဆောင်ပြီး ဟိုတယ်ကို ရောက်ရှိ လာခဲ့တာဖြစ်ပြီး သေနတ်နဲ့ ပစ်ပြီးနောက် မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေး လွတ်မြောက် သွားခဲ့ကြတယ်လို့ သိရပါတယ်။

အာဂျင်တီးနား သမ္မတဟားဗီးယားမီလေ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲတုန်းက အဓိက ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ မဟာဗျူဟာမှူးဖြစ်ခဲ့သူ ဆယ်ရီမဲဒိုဟာ ဗျူနိုအေးရိစ်မြို့ကို ထွက်ခွာဖို့ ပြင်ဆင်နေတုန်း ဩဂုတ် ၁၈ ရက် မိုးမလင်းခင်အချိန်က ဆန်တာခရုဇ်လေဆိပ်မှာ အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာ ခံခဲ့ရတာပါ။

ဆယ်ရီမဲဒိုဟာ ဒီပစ်ခတ်မှု မတိုင်ခင်ကတည်းက ဘိုလီးဗီးယားမှာ နိုင်ငံရေးအရ အငြင်းပွားဖွယ် ပုဂ္ဂိုလ်တယောက် ဖြစ်နေခဲ့တာပါ။

လွန်ခဲ့တဲ့ မေလတုန်းကလည်း လူမှုကွန်ရက်မှာ ရေးသားခဲ့တဲ့ ပို့စ်တခုနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်တယ်လို့ ဒုတိယသမ္မတရုံးက စွပ်စွဲခဲ့ဖူးပြီး အဲဒီစွပ်စွဲချက်ကိုတော့ သူက ငြင်းဆိုခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013