DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီနှင့် စစ်တပ်အကြား အဖုအထစ်မရှိဟု ဦးဝင်းထိန်ပြော
DVB
·
April 1, 2017
အန်အယ်လ်ဒီနှင့် စစ်တပ်အကြား အဖုအထစ်မရှိဟု ဦးဝင်းထိန်ပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်ကြားမှာ အင်မတန် သိသာထင်ရှားတဲ့ အဖုအထစ်မရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။

အစိုးရပြန်ကြားရေးဝန်ကြီးဌာနနဲ့ အင်တာဗျုးမှာ ပြောခဲ့တာဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အဆင်ပြေမှ အန်အယ်လ်ဒီ ရည်မှန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်နိုင်မယ်၊ နောက်အနာဂတ်အတွက်လည်း ဒီမိုကရေစီဖက်ဒရယ်နိုင်ငံ ထူထောင်နိုင်မယ်၊ ငြိမ်းချမ်းရေးအတွက်လည်း အဆင်ချောမယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အဆင်ပြေမှ ကျနော်တို့ ရည်မှန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်နိုင်မယ်၊ နောက်အနာဂတ်အတွက်လည်း ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ ထူထောင်နိုင်မယ်၊ ငြိမ်းချမ်းရေးအတွက်လည်း အဆင်ချောမယ်။

“ဒါတွေ ရည်ရွယ်ပြီးတော့မှ အရင်နှစ်က အာဇာနည်နေ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့တယ်။ အရင်တပ်မတော်ခေါင်းဆောင်တွေက တက်ရောက်တာ ထုံးစံမရှိခဲ့ဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဲဒီလို လိုက်လျောခဲ့တယ်။ အလားတူပဲ အဲဒီနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ခြံထဲမှာ လုပ်တဲ့ဘာသာပေါင်းစုံ ဆုတောင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်တဲ့အတွက် သူ့ဘက်က လိုက်လျောမှုရှိသလို ဒေါ်အောင်ဆန်းစုကြည်ကလည်း သူဟာ တိုင်းပြည်အပေါ်မှာ တကယ်စေတနာနဲ့ လုပ်နေပါတယ်ဆိုတဲ့ စိတ်ထားကိုသိအောင် ဆက်ဆံတယ်။ အခုထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တပ်မတော်ကြားမှာ အင်မတန် သိသာထင်ရှားတဲ့ အဖုအထစ်မရှိဘူးလို့ ပြောလို့ရတယ်။ အဲဒီအခြေအနေကနေပြီး တစ်ဦးအပေါ်တစ်ဦး ပိုနားလည်ပြီး နိုင်ငံရေးအရ ဆောင်ရွက်နိုင်ဖို့အတွက် ပိုပြီးမျှော်လင့်ချက်တွေထားတယ်။ မျှော်လင့်ချက်တွေရှိတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ထဲပါတဲ့ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဗိုလ်ချုပ်ကြီးရဲအောင်နဲ့ ဗိုလ်ချုပ်ကြီး စိန်ဝင်းတို့နဲ့လည်း အဆင်ပြေအောင် ပေါင်းတယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

နိုင်ငံရေးသုတေသီ ဦးအောင်သူငြိမ်းကတော့ လက်ရှိအနေအထားအရတော့ အစိုးရနဲ့ တပ်မတော်နဲ့ ဆက်ဆံရေးက ဝေးနေသေးတယ်လို့ သုံးသပ် ပြောပါတယ်။

“တဘက်နဲ့တဘက် နည်းနည်း ဝေးနေသေးတယ်လို့ မြင်တယ်၊ ဘာဖြစ်လို့ ဒီလို ပြောသလိုဆိုတော့ ခုချိန်ထိက ကာလုံ စည်းဝေးမျိုး ခေါ်တဲ့အနေအထားလည်း သေချာ မတွေ့ရသေးဘူး။ နောက်တခုက အရေးကြီးတဲ့ကိစ္စမျိုးဖြစ်တဲ့ ရခိုင်မြောက်ပိုင်းကိစ္စမျိုးမှာ ကာချုပ်ရဲ့ တပ်မတော်နေ့မိန့်ခွန်းမှာ သူက ရိုဟင်ဂျာဆိုတာ မရှိဘူး၊ နိုင်ငံတကာဖိအားပေးမှုကိုလည်း လက်ခံမှာ မဟုတ်ဘူးပေါ့နော်၊ စသဖြင့် သူက ဒီလို ပြောတဲ့အခါကျတော့ အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒတို့ တခြား မူဝါဒတွေကို ရှေ့ကျော်ပြီး ပြောတဲ့သဘောမျိုး ရောက်တယ်လို့ ထင်တယ်။ ဆိုတော့ ဒီလိုကိစ္စမျိုးတွေမှာ နှစ်ဘက်က ပိုပြီးတော့ ညှိနှိုင်းဖို့ လိုတယ်။ နောက်တခုက ငြိမ်းချမ်းရေးကိစ္စမှာလည်း တကယ့်ကို ဒီ့ထက်ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ လုံခြုံရေးနဲ့ ကာကွယ်ရေး၊ နယ်စပ်ရေးရာဌာနအကြီးအကဲတွေကို ရွေးချယ်ခန့်အပ်ခွင့်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013