DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲပေးမှု တပ်တွင်းမဲရုံများတွင် ပိုများဟု စောင့်ကြည့်ရေးအဖွဲ့ ပြော
DVB
·
March 31, 2017
ကြားဖြတ်ရွေးကောက်ပွဲ ကြိုတင်မဲပေးမှု တပ်တွင်းမဲရုံများတွင် ပိုများဟု စောင့်ကြည့်ရေးအဖွဲ့ ပြော
Donate to DVB

 

ဧပြီ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနေမှုက ရပ်ကွက်တွေထက် တပ်တွင်းမဲရုံတွေမှာ ပိုများတယ်လို့ မုံရွာအခြေစိုက်ချင်းတွင်းအင်စတီကျု့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ ဦးစိုးဝင်းဆွေက ဒီဗွီဘီကိုပြောပါတယ်။

“တပ်တွင်းမဲရုံ စုစုပေါင်း ၇ ရုံရှိတယ်။ ကြိုတင်မဲကို ရပ်ကွက်တွေဆင်းကောက်တယ်။ ကော်မရှင်ရုံးကို လာပေးတယ်။ ရုံးက ကျဉ်းတဲ့အခါကျတော့ လူတွေက ပြွတ်သိပ်နေတယ်။ ဒါပေမယ့် မဲပေးတဲ့ အခါမှာတော့ ကိုယ်ကြိုက်တာကို လွတ်လွတ်လပ်လပ်မဲပေးခွင့်ရကြပါတယ်။ အခြားပြဿနာတွေတော့ မရှိပါဘူး။”

ကြားဖြတ်ရွေးကောက်ပွဲအတွက် မုံရွာမြို့နယ်မှာ မဲရုံပေါင်း ၁၅၉ ရုံရှိပြီး လုံခြုံရေးအင်အား ၆၀၀ ကျော် ချထားဆောင်ရွက်နေပါတယ်။

ရပ်ကွက်တွေအတွင်းမှာလည်း မနေ့ကစတင်ပြီး အိပ်ရာထဲလဲနေသူ၊ အချုပ်ကျ၊ ဆေးရုံတက်၊ မီးဖွားနေသူ၊ ကော်မရှင်တာဝန်ထမ်းဆောင်ရမယ့် ဝန်ထမ်းတွေအတွက် ကြိုတင်မဲတွေ စတင်လက်ခံ ကောက်ယူနေပါတယ်။

သလ္လာရပ်ကွက်အတွင်းမှာတော့ ကြိုတင်မဲပေးနိုင်သူ ၈၀ ကျော်ရှိပြီး အဲဒီထဲမှာ ဝန်ထမ်းတွေ မပါသေးဘူးလို့ သိရပါတယ်။ မနေ့က ကောက်ယူမှုမှာတော့ အယောက် ၄၀ ကျော် အိမ်တိုင်ရာရောက်ကောက်ယူခဲ့ပြီး ကြိုတင်မဲပေါင်း ၆၀ ဝန်းကျင်လောက်ရရှိနေပြီဖြစ်ပါတယ်။ ဒီနေ့မှာလည်း ဆက်လက်ကောက်ယူနေကြပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ မနေ့ကထိ နောက်ဆုံးမဲဆွယ်စည်းရုံးခဲ့ကြပြီး ဒီနေ့မှာတော့ ပိုစတာ၊ ဗွီနိုင်း စတာတွေကို ဖြုတ်သိမ်းထားကြပြီးဖြစ်ပါတယ်။

ရပ်ကွက်ကော်မရှင်ရုံးတွေမှာ ပါတီမဲရုံကိုယ်စားလှယ်တွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကိုယ်စားလှယ်တွေကိုသာ တွေ့ရပြီး အခြားပါတီတွေကတော့ လာရောက်တာ မတွေ့ရပါဘူး။

ကြိုတင်မဲကောက်ယူရာမှာလည်း ကော်မရှင်၊ လုံခြုံရေးနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကိုယ်စားလှယ်တွေသာ လိုက်လံကောက်ယူနေကြပါတယ်။ ဘာကြောင့်မလာတာလဲဆိုတာတော့ မသိဘူးလို့ သက်ဆိုင်ရာကော်မရှင်က သိရပါတယ်။

မဲရုံဝန်ထမ်းတွေအနေနဲ့လည်း ဒီနေ့အထိ အပြည့်အဝ လာရောက်တာဝန်ထမ်းဆောင်တာတွေ မတွေ့ရသေးပါဘူး။ မဲရုံတွေအားလုံးကိုတော့ တိုင်းကော်မရှင်က လိုက်လံစစ်ဆေးကြီးကြပ်တာတွေ ပြုလုပ်နေပါတယ်။

မဲရုံဝန်ထမ်းတွေ အားနည်း တဲ့အတွက် ကြိုတင်မဲကောက်ယူရာမှာ အချိန်နှောင့်နှေးကြန့်ကြာမှုတွေကြုံရတယ်လို့ သလ္လာရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကိုယ်စားလှယ်တွေက ဒီဗွီဘီကိုပြောပါတယ်။

“ဒီနေ့ နေ့လယ် ၁ နာရီအထိ နောက်ဆုံးရသတင်းတွေအရ နိုင်ငံခြားရောက်ကြိုတင်မဲ ၃၀ မဲမှာ ၂၃ ဦးလာရောက်ပေးပြီး မဲဆန္ဒနယ်ပြင်ပ အရပ်သား ၃၀ ဦးရှိရာ ၂၉ ဦးလာရောက်ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။ တပ်မတော်သား ကြိုတင်မဲ ၁၄၆၀ ဦးရှိရာ ၁၄၁၉ ဦးလာရောက်ပေးပြီးပြီလို့ သိရပါတယ်။ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးနိုင်သူ စုစုပေါင်း ၁၅၂၀ ရှိတဲ့အထဲက ၁၄၇၁ ဦးကြိုတင်မဲ ရရှိထားပြီဖြစ်တယ်”လို့ ဦးစိုးဝင်းဆွေကပြောပါတယ်။

အောင်ကိုလတ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013