အင်္ဂပူမြို့နယ်မှာ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တဦး မနေ့က အဓမ္မကျင့်ခံရတယ်လို့ မဲဇာလီကုန်းရဲစခန်းက သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းရဲစခန်းအပိုင်၊ ခုံကြီးကျေးရွာအုပ်စု မကျီးပင်ကွင်းကျေးရွာ၊ ထွန်းဧရာကုန်း(ကျောက်ထုတ်လုပ်ငန်း)မှာ သက်ငယ်မုဒိမ်းမှုတခု မတ် ၃၀ ရက် ညနေ ၃ နာရီ ၂၀ မိနစ်က ဖြစ်ပွားခဲ့ပါတယ်။
“မျိုးသက်လွင် (အသက် ၁၈-နှစ်)က မ ---- (အသက် ၇-နှစ်အရွယ်)ကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သူမရဲ့မိခင်က ရဲစခန်း လာတိုင်လို့ တခါတည်း တရားခံကို သွားဖမ်းတာပါ။ အဲဒီအမှုကို မဲဇလီကုန်း စခန်းမှူး ရဲအုပ်ရဲကျော်ထူးက အမှုစစ်ဆေးနေပါတယ် ကလေးမလေးကို ဆေးစာနဲ့ ဆေးရုံမှာ ပြသထားပါတယ်။ အမှုကို အမြန်ဆုံး တရားစွဲတင်နိုင်ဖို့ လုပ်နေတယ်” လို့ မဲဇလီကုန်း ရဲစခန်း ဒုရဲအုပ် မျိုးမြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။
အခုဖြစ်စဉ်ကို မဲဇလီကုန်းရဲစခန်းက တရားခံ မျိုးသက်လွင်ကို ပနံပတ် (ပ ၂၃/၃၇၆ ) နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေပါတယ်လို့ သိရပါတယ်။
အခုနှစ်အတွင်း မဲဇလီကုန်းစခန်းမှာ ၂၀၁၇ နှစ်ဆန်းကနေ ဒီနေ့အထိ မုဒိမ်းမူ နှစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ဒေသခံတွေကတော့ တယ်လီဖုန်းတွေထဲမှာ မဖွယ်မရာဇာတ်ကားတွေ ကြည့်တာတွေနဲ့ ပညာနည်းပါးမူတွေကြောင့်လို့ ထောက်ပြပါတယ်။
သတင်း - သန်းထိုက်မြင့်











