DVB Logo
Home
မြန်မာသတင်း
အံစာတုံးယာဉ်နှင့် ဘုရားဖူးမှန်လုံယာဉ် တိုက်မိတိမ်းမှောက်၊ ၁ ဦးသေ ၂၁ ဦး ဒဏ်ရာရ
DVB
·
March 31, 2017
Donate to DVB

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် နောင်ယာဆိုင်းရွာအနီးမှာ မတ်လ ၃၀ ရက်က အံစာတုံးယာဉ်နဲ့ ဘုရားဖူးမှန်လုံယာဉ်ကြီး ပွတ်တိုက်ရာ ယာဉ်နှစ်စီးလုံး တိမ်းမှောက်ပြီး ၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဖြစ်စဉ်မှာ တောင်ကြီး-ဆီဆိုင် ကားလမ်းမပေါ် မိုင်တိုင် ၃၂၃.၅ ကီလိုမီတာမှာ ဟိုပုံးမြို့မှ ဆီဆိုင်မြို့ဘက်ကိုလာတဲ့ အံစာတုံးကားကို ရန်ကုန်ဘက်ကလာတဲ့ ဘုရားဖူးယာဉ် မှန်လုံယာဉ်ကြီးက ကျော်တက်ရာမှ အရှိန်လွန်ကာ အံစာတုံးကားကို ပွတ်တိုက်ပြီး ယာဉ်နှစ်စီးလုံး တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။

အံစာတုံးကားပေါ်က ပါလာတဲ့ တောင်ကြီးမြို့နေ ဦးသိန်းဦးဟာ ညာခြေကျိုး၊ နှာခေါင်း သွေးထွက်၊ မျက်နှာ ကွဲပြဲဒဏ်ရာတွေနဲ့ နေရာမှာပင် သေဆုံးသွားကြောင်း သိရပါတယ်။

ယာဉ်နှစ်စီးလုံးပေါ်က ဒဏ်ရာရရှိသူတွေကို ဟိုပုံးဆေးရုံနဲ့ ဘန်းယဉ်ဆေးရုံကို ပို့ဆောင် ကုသပေးခဲ့တယ်လို့ သိရပါတယ်။

“ယာဉ်တိုက်မှုဖြစ်တာက ဟိုပုံးမြို့နယ်အပိုင်ထဲမှာ ဖြစ်တယ်၊ ဒဏ်ရာရသူတွေကို ဟိုပုံးဆေးရုံနဲ့ ဘန်းယဉ်ဆေးရုံမှာ ကုသပေးနေတယ်၊ အရေးယူစစ်ဆေးတာက ဟိုပုံးရဲက တာဝန်ယူတယ်”လို့ ဘန်းယဉ်ရဲစခန်း စခန်းမှူးက ပြောပါတယ်။

“ဒီနေ့က မှန်လုံယာဉ်ကြီး မှားတာပါ။ ကားမောင်း အရမ်းကြမ်းတယ်။ ဆီဆိုင်မြို့ကို ဖြတ်ဖြတ်သွားနေကြတဲ့ ဘုရားဖူးယာဉ်တချို့တွေလည်း မောင်းတာ အရမ်းကြမ်းတယ်။ ဟိုတခါက ဆီဆိုင်ဈေးနားမှာ လမ်းတံတားဘောင်တောင် ဝင်တိုက်လို့ ကွဲထွက်သွားတယ်"လို့ နောင်ယာဆိုင်ရွာ ဒေသခံတဦးက ပြောပါတယ်။

ဘုရားဖူးယာဉ်ပေါ် လိုက်ပါလာသူများဟာ ရန်ကုန်မြို့မှာ နေထိုင်သူများဖြစ်ကြပြီး ယာဉ်မောင်း မင်းလွင်က အခင်းဖြစ်ပွားရာ နေရာမှာပင် ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်သွားတဲ့ မှန်လုံကြီးယာဉ်မောင်း မင်းလွင်ကို ဟိုပုံးရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၇၉/၃၀၄-က/၃၃၇/၃၃၀/၂၀၂ တို့အရ အမှုဖွင့်ထားတယ်လို့ ရဲစခန်းမှ သိရပါတယ်။

သတင်း - ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013