DVB Logo
Home
မြန်မာသတင်း
အလုပ်အကိုင်ဖန်တီးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး အဓိကထားလုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
March 31, 2017
အလုပ်အကိုင်ဖန်တီးရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး အဓိကထားလုပ်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

အစိုးရအနေနဲ့ အခုကစပြီး အလုပ်အကိုင်ဖန်တီးရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ တန်းတူ လျှပ်စစ်မီးရရှိရေးကို အဓိကထား လုပ်ဆောင်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

“ကျမတို့ အခုကနေစပြီးတော့ အလုပ်အကိုင်ဖန်တီးရေးနဲ့ လမ်းပန်းဆက်သွယ်ရေးနဲ့တန်းတူ လျှပ်စစ်မီးရရှိရေးကို ကျမတို့ အဓိကထားပြီးတော့ လုပ်သွားမှာဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ကျမတို့ဟာ နိုင်ငံကို တည်ဆောက်တဲ့နေရာမှာ ပြည်သူကိုအကျိုးပြုမယ့် စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ နိုင်ငံ့ဘဏ္ဍာတော်ငွေကို မှန်မှန်ကန်ကန် တိတိကျကျသုံးစွဲဖို့ လိုပါတယ်။ ဒါနဲ့ပတ်သက်လို့လည်း ကျမတို့ အင်မတန်မှ ဂုဏ်ယူနိုင်ပါတယ်။”

မတ်လ ၃၀ ရက် အစိုးရတနှစ်ပြည့် အထိမ်းအမှတ် နိုင်ငံတော်အခြေပြမိန့်ခွန်းတရပ်ကို ရုပ်မြင်သံကြားက ပြောကြားရင်း သူက ပြောခဲ့တာဖြစ်ပြီး ၂၅ မိနစ်ကျော်ကြာ မိန့်ခွန်းမှာ ပြည်သူနဲ့အတူ ဆက်သွားမယ်ဆိုတဲ့ ဆောင်ပုဒ်လည်း ချမှတ်ခဲ့ပါတယ်။

“ကျမတို့ အခု တနှစ်ကြာပြီဆိုတော့ ဆောင်ပုဒ်ကိုလည်း ကျမတို့ နည်းနည်းပြောင်းပြီးတော့ သွားရရင် ကောင်းမယ်လို့ ကျမထင်ပါတယ်။ အဲဒီတော့ ကျမစဉ်းစားပါတယ်၊ ဘယ်လိုဆောင်ပုဒ်မျိုးနဲ့ ဆက်သွားရင် ကောင်းမလဲဆိုတော့ တိုတိုတုတ်တုတ်နဲ့ အဓိပ္ပာယ်ပေါ်လွင်အောင် “ပြည်သူနဲ့အတူ” လို့ ကျမတို့ ဆက်ပြီးတော့ ဒီခရီးလမ်းကို ပြည်သူနဲ့အတူ လျှောက်သွားချင်ပါတယ်။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ အကောင်းဆုံး လုပ်ဆောင်သွားမှာဖြစ်ပြီး သူ့ထက်ကောင်းအောင် လုပ်နိုင်မယ့်သူတွေ၊ အဖွဲ့တွေရှိရင်လည်း နောက်ဆုတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

“ကျမ အကောင်းဆုံးလုပ်မယ်။ ကျမ အကောင်းဆုံးထက်တော့ ပိုပြီးတော့ လုပ်လို့မရဘူး။ ကျမအကောင်းဆုံးက နိုင်ငံအတွက်၊ ပြည်သူအတွက် မလုံလောက်ဘူးဆိုရင် ပိုပြီး လုံလုံလောက်လောက် ပြည့်ပြည့်စုံစုံလုပ်ပေးမယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတခုက တာဝန်ယူမယ်ဆိုလို့ရှိရင် ကျမတို့ဟာ နောက်ဆုတ်ပေးဖို့ အဆင်သင့်ပါပဲ။

"ဒါဟာ အစိုးရတိုင်း ဒီမိုကရေစီတိုင်းဟာ စွဲစွဲမြဲမြဲနားလည်နေရမယ့် ကိစ္စတခုဖြစ်ပါတယ်။ ဒီမိုကရေစီအစိုးရဆိုတာ ထာဝရမဟုတ်ပါဘူး။ အစဉ်အမြဲ နိုင်ငံကို အုပ်ချုပ်သွားဖို့ မဟုတ်ပါဘူး။ အစဉ်အမြဲ ငါတို့သာတော်တယ်၊ ငါတို့လောက်တော်တဲ့သူ ဘယ်သူမှမရှိဘူးဆိုပြီးတော့ ရပ်တည်သွားဖို့ မဟုတ်ပါဘူး။"

အစိုးရသစ် သက်တမ်းတနှစ်ပြည့် အထိမ်းအမှတ် ရုပ်မြင်သံကြားက ပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ အစိုးရသစ် ရင်ဆိုင်နေရတဲ့ စိန်ခေါ်ချက်တွေအကြောင်း၊ ငြိမ်းချမ်းရေးရရှိဖို့ ခက်ခက်ခဲခဲ လုပ်ဆောင်နေရတဲ့အကြောင်း၊ အစိုးရသစ်ရဲ့ လုပ်ငန်းတွေမှာ ပြည်သူတွေ ဝိုင်းကူကြဖို့ လိုတဲ့အကြောင်းတွေ ထုတ်ပြောခဲ့ပါတယ်။

သူ့အစိုးရကို ဘယ်သူ ဘယ်အဖွဲ့အစည်းတွေ ဘယ်လိုပဲပြောပြော နားလည်မှုပေးတဲ့ ပြည်သူကို ကျေးဇူးတင်တယ်လို့လည်း ပြောခဲ့ပါတယ်။

“နိဂုံးချုပ်အနေနဲ့ ကျမတို့ ပြည်သူကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ တနှစ်အတွင်းမှာ ကျမ သတိပြုမိတာကတော့ တချို့အဖွဲ့အစည်းတွေ၊ အစုအဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေက ကျမတို့ကို ဘယ်လိုပဲပြောပြော ကျမတို့ပြည်သူတွေက ကျမတို့ကို နားလည်မှုပေးခဲ့တယ်။ ကျမတို့ကို ဝန်းရံခဲ့တယ်။ ကျမတို့ကို လုပ်ချင်တဲ့ကိစ္စတွေကို လုပ်နိုင်ဖို့ တတ်နိုင်တဲ့ဘက်က ကူညီပေးခဲ့တယ်။

"အားလုံးသိတဲ့ကိစ္စတခုဆိုလို့ရှိရင် ကျမတို့ရဲ့ ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးစင်တာအတွက် ပြည်သူတွေကို အလှူခံလိုက်တဲ့အခါ ကာလတိုတိုလေးအတွင်းမှာ အခုဆိုလို့ရှိရင် ကျမတို့ဟာ ၁၄ ဘီလီယံကျပ်တောင်မှ ရရှိနေပါပြီ။ ဒီရန်ပုံငွေကို ဝိုင်းပြီးထည့်ကြတဲ့အထဲမှာ လုပ်ငန်းရှင်ကြီးတွေတင် မဟုတ်ပါဘူး။ ပြည်သူတွေလည်း ပါပါတယ်။ ကျမ သဘောအကျဆုံးက ဟိုနားက ငါးထောင်၊ ဒီနားက တသောင်း၊ တတ်နိုင်ရင် တတ်နိုင်သလို ပြည်သူတွေက ဝိုင်းဝန်းပြီးတော့ ကျမတို့ကို ဝန်းရံကြတာ။ အဲ့ဒါဟာ ငြိမ်းချမ်းရေးရန်ပုံငွေအတွက်တွင် မဟုတ်ပါဘူး၊ ကျမတို့ ကြိုးပမ်းမှုတွေအတွက် အင်မတန်မှ အားဖြစ်စေပါတယ်။

"ဒီလိုပဲ ပြည်သူတိုင်း ပြည်သူတိုင်းဟာ တတ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် ကျမတို့အစိုးရအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းအပိုင်းတွေ အောင်မြင်အောင်လို့ ဝန်းရံပေးမယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံဟာ တိုးတက်ဖို့ လုံးဝသေချာတယ်လို့ ပြောနိုင်ပါတယ်။ ကျမတို့ရဲ့ နောင်မျိုးဆက်များဟာ ဒီအချိန်ကာလပြန်ကြည့်ပြီးတော့ ငါတို့နိုင်ငံကြီးအတွက် အလင်းရောင်သန်းခဲ့တဲ့ကာလဟာ ဒီကာလပါပဲလို့ မလွဲမသွေ ပြောနိုင်ပါတယ်၊ ယုံကြည်ပါတယ်လို ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။”

ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော်ပြီး တက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီအစိုးရဟာ ၂၀၁၇ ခုနှစ်၊ မတ်လ ၃၀ ရက်မှာ အစိုးရတာဝန်ထမ်းဆောင်တာ တနှစ်တင်းတင်း ပြည့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013