DVB Logo
Home
မြန်မာသတင်း
ရွေး​ကောက်ပွဲမှာ မဲ​ပေး​ကြဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည် တိုက်တွန်း
DVB
·
January 11, 2012
ရွေး​ကောက်ပွဲမှာ မဲ​ပေး​ကြဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည် တိုက်တွန်း
Donate to DVB

လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ မဲ​ပေး​ပိုင်ခွင့်​ ရရှိတဲ့​အ​ပေါ် အပြည့်​အဝ အသုံး​ချပြီး​ ကိုယ်လိုချင်တဲ့​ ကိုယ်စား​လှယ်ကို ​ရွေး​ချယ်မဲ​ပေး​ကြပါလို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်က ပြည်သူ​တွေကို တိုက်တွန်း​လိုက်ပါတယ်။

“​ရွေး​ကောက်ပွဲမှာ မဲထည့်​နိုင်တဲ့​သူ​တွေက မိမိတို့​ရဲ့​ လုပ်ပိုင်ခွင့်​ကို သုံး​စေချင်ပါတယ်။ ဘာဖြစ်လို့​လဲဆို​တော့​ ကိုယ့်​လုပ်ပိုင်ခွင့်​ကို ကိုယ်သုံး​မှ လုပ်ပိုင်ခွင့်​ကို ထိန်း​သိမ်း​ထား​နိုင်မှာပါ။ ဒါ​ကြောင့်​ ကျမတို့​ ပြည်သူ​တွေက မဲပြား​တွေနဲ့​ ကိုယ်လိုချင်တဲ့​ အစိုး​ရတခု ဖြစ်​အောင်လို့​ လုပ်ရပါလိမ့်​မယ်။ မဲပြား​တွေနဲ့​ ကိုယ်မလိုချင်တဲ့​ကိစ္စကို ​ပြောင်း​လဲဖို့​ ကြိုး​စား​ရပါလိမ့်​မယ်။ မဲ​ပေး​လိုက်တယ် ဆိုတာဟာ ကိုယ့်​ရဲ့​ ကိုယ်စား​လှယ်ကို ကိုယ်လုပ်ချင်တဲ့​ ကိစ္စ​တွေကို လုပ်​ပေး​ဆိုပြီး​ တာဝန်အပ်နှင်း​ပေး​လိုက်တာပဲ ဖြစ်ပါတယ်။ ”

ဇန်နဝါရီလ ၁၁ ရက်​နေ့​က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရန်ကုန်တိုင်း​ ဗဟန်း​မြို့​နယ်က အဖွဲ့​ချူပ်ရုံး​ခန်း​ ဆိုင်း​ဘုတ်တင်ပွဲမှာ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောဆိုခဲ့​တာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်က​နေ စတင်တည်​ထောင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ တာဝန်ယူခဲ့​ပြီး​ ပြည်တွင်း​ပြည်ပ နိုင်ငံတကာနဲ့​ ​ဒေသဆိုင်ရာမှာပါ ဩဇာတက္ကိမကြီး​လှတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ပါတီပြန်လည် မှတ်ပုံတင်ပြီး​တဲ့​အခါ ပြန်လည်စုဖွဲ့​မှုအရ ပါတီဥက္ကဋ္ဌတာဝန် ​ပေး​အပ်ခံခဲ့​ရပြီး​တဲ့​နောက် ပထမဆုံး​ လူထုကို ​ပြောဆိုခဲ့​တာ ဖြစ်ပါတယ်။

ပြည်သူလူထုဟာ ဆင်း​ရဲမွဲ​တေမှုက​နေ လွတ်​မြောက်​အောင် ကိုယ်တိုင်ကိုယ်ကျ တတ်နိုင်သ​လောက် ပူး​ပေါင်း​ပါဝင်ကြရမှာ ဖြစ်တယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က လူထုကို ​ပြောဆိုခဲ့​ပါတယ်။

“အရင်က ဆင်း​ရဲတာ​တော့​ ပြီး​ခဲ့​ပြီ။ အခုလည်း​ ဆင်း​ရဲတယ်ဆိုတာ ဖြစ်နိုင်တယ်။ ဒါ​တွေကို ​ပြောင်း​ဖို့​အတွက် ကျမတို့​ နိုင်ငံ​ရေး​လုပ်​နေတာ။ အနာဂတ်ကို ကိုယ်လိုချင်တဲ့​ပုံစံဖြစ်​အောင် ပုံသွင်း​ဖို့​အတွက် ကျမတို့​နိုင်ငံ​ရေး​ လုပ်​နေတာ ဖြစ်တယ်။ အဲလိုလုပ်​နေတဲ့​အခါမှာ ပြည်သူ​တွေပါဖို့​ လိုပါတယ်။ ပြည်သူ​တွေပါမှ ကိုယ်လိုချင်တဲ့​ ပုံစံကို ကိုယ်ပုံသွင်း​ပြီး​တော့​ ပုံသွင်း​တဲ့​နေရာမှာ ပါဝင်နိုင်မှာပါ။ ကိုယ်မပါဘဲနဲ့​ ကိုယ်လိုချင်တဲ့​ပုံစံ ဖြစ်ချင်တယ်ဆိုရင် ဒါ လက်​တွေ့​ မကျပါဘူး​။ ဒါ​ကြောင့်​ ကျမတို့​ပြည်သူ​တွေကို တတ်နိုင်သမျှ ပါဝင်ပြီး​တော့​ ကိုယ်လိုချင်တဲ့​ နိုင်ငံတခု ဖြစ်​အောင်လို့​ ကူညီ​ပေး​ကြပါလို့​ ကျမ ​မေတ္တာရပ်ခံချင်ပါတယ်။”

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှု အပြီး​ ဖြစ်ထွန်း​လာတဲ့​ ၁၉၉၀ ပြည့်​နှစ် ပါတီစုံဒီမိုက​ရေစီ အ​ထွေ​ထွေ​ရွေး​ကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့​ရာမှာ အစိုး​ရက အာဏာမ​ပေး​တဲ့​အပြင် အမျိုး​မျိုး​ဖိနှိပ်တဲ့​ ဒဏ်ကိုခံရတဲ့​ သမိုင်း​အ​တွေ့​အကြုံ ရှိပါတယ်။

အခုလာမယ့်​ ဧပြီ ၁ ရက် ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အမတ်​နေရာ ၄၈ ​နေရာမှာ ဝင်​ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး​ ပါတီဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က ရန်ကုန်တိုင်း​ ​ကော့​မှူး​မြို့​နယ်မှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ လာမယ့်​ သီတင်း​ပတ် အတွင်း​မှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်မယ့်​ ကိုယ်စား​လှယ်​လောင်း​စာရင်း​ ထုတ်ပြန်မှာ ဖြစ်ပါတယ်။

လတ်တ​လော လွှတ်​တော် အသီး​သီး​မှာ​တော့​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ပါတီ ကိုယ်စား​ပြုအမတ်​တွေက အများ​စုက လွှမ်း​မိုး​ထား​ပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲ ကာလတုန်း​က မဲမ​ပေး​ဘဲ​နေကြဖို့​ တိုက်တွန်း​ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013