ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်တွင်းရှိ အင်္ဂပူ၊ မဲဇလီကုန်း၊ ကွင်းကောက်၊ ထူးကြီး ရှိ စည်ပင်နယ်နိမိတ်ပိုင် လမ်းမ၊ လမ်းသွယ် မြေပေါ်တွေမှာ ကျူးကျော်တည်ဆောက်ထားတဲ့ ဈေးဆိုင်ခန်း အဆောက်အအုံတွေကို စတင်ဖယ် ရှားနေပါတယ်။
"ပထမဆုံး အင်္ဂပူမြို့ပေါ် စည်ပင်ပိုင်မြေပေါ် ကျူးကျော်တည်ဆောက်ထားတဲ့ အဆောက်အဦတွေ ဈေးဆိုင်တွေကို စတင်ဖယ်ရှားစေတာပါ အင်္ဂပူမြို့ပေါ်က ကျူးကျော် ၁၂၀ တို့ရဲ့ နေအိမ်ရှေ့ပိုင်း မလွတ်တာတွေ ဟိုတုန်းက လမ်းမပေါ်တွေ ခွင့်ပြုထားတာတွေကို အရင်ဖယ်ရှားနေတာပါ။ အင်္ဂပူမြို့ပေါ်ကိုတော့ ဧပြီလ ပထမပတ် ၇ ရက်နေ့ အပြီးဖယ်ခိုင်းထားပါတယ်။ အဲလို ဖယ်ရှားလို့မရရင်တော့ ပထမအကြိမ်၊ ဒုတိယအကြိမ် သတိပေးပြီး တတိယအကြိမ်မှာတော့ စည်ပင်ဥပဒေ လမ်းမကြီးများ ဥပဒေတွေ စတဲ့ ဆိုင်ရာဥပဒေတွေနဲ့ အရေးယူတဲ့ အပိုင်းလုပ်ကိုင်မယ်”လို့ အင်္ဂပူမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအေးရွှေက ဒီဗွီဘီကို ပြောပါတယ်။
အင်္ဂပူမြို့နယ်မှာ စည်ပင်ပိုင် ကျူးကျော် အင်္ဂပူ ၁၂၀ မဲဇလီကုန်း ၂၅ ထူးကြီး ၅၀ ကျော် ကွင်းကောက် ၂၅ ကျော်ရှိနေတယ်လို့ သိရပါတယ်။
ပထမအနေနဲ့ဈေးတွေရှိ ဆိုင်ခန်းကျူးတွေကို ဖယ်ရှားပီ ဈေးတွင်းတွေမှာ နေရာ စီစဉ်ပေးမယ်လို့ သိရှိရပါတယ်။
အချို့စည်ပင် ကျူးတွေက အခုအစီစဉ်ကို လက်ခံပြီး အချို့ကတော့ သိပ်သဘောမတူလောက်ဘူးလို ထူးကြီးမြို့ မြို့မိမြို့ဖ ဦးဘိုလေးက ပြောပါတယ်။
အင်္ဂပူ တမြို့နယ်လုံးကို ဧပြီလကုန်မှာ စည်ပင်ကျူးတွေ အားလုံး အပြီးသတ်ဖယ်ရှားမယ်လို့ သိရပါတယ်။
သတင်း - သန်းထိုက်မြင့်











