DVB Logo
Home
မြန်မာသတင်း
ရေမီတာလျှော့ချရန် ဆန္ဒပြတောင်းဆိုသူများကို ရေဖြတ်တောက်
DVB
·
March 30, 2017
ရေမီတာလျှော့ချရန် ဆန္ဒပြတောင်းဆိုသူများကို ရေဖြတ်တောက်
Donate to DVB

 

မတ်လ ၂၄ ရက်နေ့က ရေ ၁ ယူနစ် ၃၅ ကျပ်နှုန်း ရရှိရေးအတွက် ဆန္ဒပြမှာ ပါဝင်တဲ့ ရပ်ကွက်အတွင်းကသူတွေ ရေဖြတ်တောက်ခံထားရပါတယ်။

ရခိုင်ပြည်နယ်၊ ငပလီမြို့ ကျေးရွာအချို့မှာ ရေမီတာခတွေ အဆမတန်ပေးနေရတာကြောင့် ဆန္ဒထုတ်ဖော်မှုတရပ်ကို မတ် ၂၄ ရက်နေ့က ပြုလုပ်ခဲ့လို့ ဆန္ဒပြရမှာ ပါဝင်သူတချို့ကို ရေပေးဝေတာ ဖြတ်တောက်လိုက်တာလို့ ဒေသခံက ပြောပါတယ်။

အခုလို ရေပေးဝေမှု ဖြတ်တောက်လိုက်တာကြောင့် ရပ်ကွက်အချို့က ပြည်သူတွေ ရေရရှိရေး အခက်အခဲ တွေ့နေကြရတယ်လို့ ဇီးဖြူကုန်းရပ်ကွက်က ရေတယူနစ် ၃၅ ကျပ်နှုန်း ရရှိရေး ဆန္ဒပြ ဦးဆောင်ခဲ့သူ ကိုညီလေးက ဒီဗွီဘီကို ပြောပါတယ်။

“ဒီဘက်ရပ်ကွက်က လူတွေအားလုံးက ဆန္ဒဖော်ထုတ်တဲ့နေရာမှာ ပါကြတာပေါ့။ ဟိုဘက်မှာ ဆိုရင် မသန်းနွယ်အိမ်ဆိုရင် ရာအိမ်မှူးကိုယ်တိုင်က နင်တို့ ဆန္ဒပြတဲ့လူတွေ ရေပေးလို့ရှိရင် ဝန်ကြီးကိုယ်တိုင် လာစစ်ဖို့ ရှိတယ်။ နင်တို့ တသက်လုံး ရေမရ ဖြစ်သွားလိမ့်မယ်။ အဲဒီအိမ်တွေ လုံးဝရေမပေးဘူးဆိုပြီး ရာအိမ်မှူး မောင်မောင်အေးက လာပြောတဲ့ အနေအထားတွေလည်း ကြုံတွေ့နေရတယ်။ အခုလို ရေမလာရခြင်း ကိစ္စကတော့ အဓိက ရာအိမ်မှူးတစုကပဲ ရေကော်မတီ၊ ရာအိမ်မှူးတစုကပဲ ရေနဲ့ ပတ်သက်ပြီးတော့ ပိတ်လိုက်တယ်လို့ ကျနော်တို့ မြင်ရတာပေါ့။”

အခုလို ရေဖြတ်လိုက်တာနဲ့ ပတ်သက်လို့ ငပလီမြို့ ရေပေးဝေရေးကော်မတီက ဥက္ကဋ္ဌ ကိုစိုးစိုးကတော့ ရေပေးဝေရေးဘားကို ကလေးတွေက ကစားပြီး ပိတ်လိုက်တာကြောင့် ရေမရရှိတာလို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်ပိုင်းက ရေပေးဝေမှာ စည်ပင်က ဝန်ထမ်းခေါ်တာပေါ့ ကိုမောင်မောင်ဆိုတာ။ သူကတော့ ကျနော်တို့ ဇီးဖြူကုန်းရွာထဲက ဘားကြီးကို ကလေးတွေ ကစားပြီးပိတ်ထားတယ်လို့ ပြောပါတယ်။ ကျနော်တို့ အိမ်အထိတော့ မရောက်ဘူး ဖြစ်နေတယ်လေ။ အဲဒီဥစ္စာကိုတော့ သော့ခတ်ထားတာတော့ မရှိဘူးလေ။ လမ်းဘေးနားမှာ ရောက်နေတော့ ကလေးတွေ ကစားရင်လည်း အဲဒီလိုဖြစ်နိုင်တယ်။”

ဒါပေမယ့် ဒေခံတွေကတော့ ရေဖြတ်လိုက်တာဟာ ကလေးကစားလို့ ပိတ်တာမဟုတ်ဘဲ ရေပေးတဲ့မီးဘားကနေ တိုက်ရိုက်ပိတ်ထားတာလို့ ငပလီမြို့ ဟိုတယ်လုပ်ငန်းရှင် ကိုမျိုးခိုင်က ဒီဗွီဘီကို ပြောပါတယ်။

ရေဖြတ်ဖို့ဆိုတာလည်း ကြေညာထားခြင်းမရှိသလို့ ယနေ့အချိန်အထိ ရေမရရှိတာကြောင့် ငပလီမြို့ ဇီးဖြူကုန်းအုပ်စု စပါးကြီးကျေးရွာအပါအဝင် ကျေးရွာအချို့မှာ အခုအချိန်ထိ ရေမရရှိတာကြောင့် အခက်အခဲဖြစ်နေကြရတယ်လို့ ပြောပါတယ်။

“ဘာကြောင့်ဖြတ်တယ်ဆိုတာ ကျနော်တို့ မသိရဘူး။ ရေဖြတ်ဆိုတာလည်း သူတို့ ကြေညာထားခြင်း မရှိဘူး။ ကျနော်တို့ အုပ်စုကိုပဲကွက်ပြီး ဖြတ်တာပါ။ ကျနော်တို့က ရေမီတာတွေ လျှော့ချဖို့ ဆန္ဒပြသူတွေကို ဖြတ်လိုက်တာ၊ အခုအချိန်ထိ ရေမရှိသေးဘူးလို့” ငပလီမြို့ ဇီဖြူကုန်းအုပ်စု ဇီးဖြူကုန်းရပ်ကွက် နေသူ ဦးစိုးနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ရေမီတာ ၁ ယူနစ်ကို ၁၅၀ ပေးနေရပြီး ၁ လ ရေသုံးစရိတ်ဆိုရင် သာမန်လူတန်းစားတွေ အတွက် ၁၅၀၀၀ ကနေ ၁၇၀၀၀ အထက်အထိ ပေးနေကြရတာကြောင့် မတ်လ ၂၄ ရက်နေ့ ဆန္ဒ ထုတ်ဖော်ခဲ့ကြတာပါ။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့မှာ ရေ ၁ ယူနစ် သာမာန်အိမ်သုံး ၁ ယူနစ်ကို ၃၅ ဖြစ်ပြီး၊ လုပ်ငန်းသုံး ၇၅ ကျပ် ကုမ္ပဏီလုပ်ငန်းကြီးသုံး ၁၀၀ ပေးရပြီး စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့ တွေမှာတော့ သာမာန်အိမ်သုံး ရေ ၁ ယူနစ်ကို ၃၅သာ ကျပ်ပေးရပြီး တလအများဆုံး ရေသုံးစရိတ် ၂၀၀၀ ကနေ့ ၂၅၀၀ အထိသာ ပေးရတယ်လို့ သိရပါတယ်။

အခုကိစ္စနဲ့ ပတ်သက်လို့ ဇီးဖြူကုန်းအုပ်စု အုပ်ချုပ်ရေမှူးဦးသိန်းကျော်နဲ့ ငပလီ စည်ပင်သာယာရေးကို ဒီဗွီဘီက ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013