DVB Logo
Home
Lead Story
မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့သာသနာ အရှည်တည်တံ့စေမည့်အကြောင်း
DVB
·
March 29, 2017
မြတ်စွာဘုရားရှင် ဟောကြားခဲ့တဲ့သာသနာ အရှည်တည်တံ့စေမည့်အကြောင်း
Donate to DVB

 

မျက်မှောက်ကာလမှာ မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်ဖို့ အတားအဆီးအမျိုးမျိုးကို ကျော်ဖြတ်ပြီး ခက်ခက်ခဲခဲ အသွင်ကူးပြောင်းနေရချိန် ဖြစ်ပါတယ်။ အဲဒီအခက်အခဲ အတားအဆီးတွေထဲမှာ အထင်ရှားဆုံးနဲ့ အနှောင့်အယှက်အပြုနိုင်ဆုံး ပြဿနာတခုကတော့  ပြည်သူလူထုကြားမှာသာမက ရဟန်းသံဃာထုကြားမှာပါ ဝိဝါဒကွဲပြား အငြင်းပွားပြီး စည်းလုံးညီညွတ်ရေးပြိုကွဲစေတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး၊ တည်တံ့ပြန့်ပွားရေးကို ဘယ်လို ဆောင်ရွက်ကြမလဲဆိုတဲ့ ကိစ္စရပ်ကြီးပါပဲ။

ဒါကြောင့် ဒီဆောင်းပါးမှာတော့ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့တဲ့ သာသနာအရှည် တည်တံ့စေမယ့် အဓိကအကြောင်းကို ဝိနည်းပိဋက-ပါရာဇိကဏ် ပါဠိတော် မြန်မာပြန်ကို ကိုးကားပြီး စာဖတ်သူတွေ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်တွေးတောနိုင်အောင် ရေးသားတင်ဆက်လိုက်ပါတယ်။

အခါတပါးမှာ ဘုန်းတော်ကြီးသော မြတ်စွာဘုရားရှင်ဟာ လက်ဝဲတော်ရံဖြစ်တဲ့ တန်ခိုးအရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာမောဂ္ဂလာန်၊ လက်ယာတော်ရံဖြစ်တဲ့ ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာ အပါအဝင် များမြတ်သော ရဟန်းသံဃာ အပါး ၅၀၀ နဲ့အတူ ဝေရဉ္ဇာမြို့မှာ သီတင်းသုံးတော်မူခဲ့ပါသတဲ့။

ထိုစဉ်အခါ ဝေရဉ္ဇာမြို့သည် အစာရေစာ ခေါင်းပါးလျက် ဒုဗ္ဘိက္ခန္တရဘေး ဆိုက်ရောက်နေချိန် ဖြစ်၏။ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသောအရိုး ရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏။ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။

ထိုအခါ ဥတ္တရာပထတိုင်းသား မြင်းကုန်သည်တို့သည် မြင်းငါးရာတို့နှင့်အတူ ဝေရဉ္ဇာမြို့၌ မိုးခိုကြကုန်၏၊ ထို(မြင်းကုန်သည်)တို့သည် မြင်းဝိုင်းတို့၌ ရဟန်းတို့အား ၁ စလယ်၊ ၁ စလယ်စီသော ရိက္ခာ မုယောဆန်ကို ဝတ်တည်ကြကုန်၏၊ ရဟန်းတို့သည် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်၍ သပိတ်၊ သင်္ကန်းကိုယူလျက် ဝေရဉ္ဇာမြို့သို့ ဆွမ်းခံဝင်ကြရာ ဆွမ်းမရကြကုန်သော် မြင်းဝိုင်းတို့၌ ဆွမ်းအတွက် လှည့်လည်၍ ၁ စလယ်၊ ၁ စလယ်စီသော မုယောရိက္ခာဆန်ကို အရံအတွင်းသို့ ယူဆောင်ခဲ့ကြပြီးလျှင် ဆုံ၌ ထောင်း၍ ထောင်း၍ သုံးဆောင်ကြကုန်၏။

အသျှင်အာနန္ဒာသည်ကား ၁ စလယ်သော ရိက္ခာမုယောဆန်ကို ကျောက်ပြင်ပေါ်မှာ ကြိတ်ပြီးလျှင် မြတ်စွာဘုရားအား ဆက်ကပ်၏၊ မြတ်စွာဘုရားသည် ထို(မုယောဆန်မှုန့်)ကို သုံးဆောင်တော်မူ၏။ မြတ်စွာဘုရားသည် ဆုံသံကို ကြားတော်မူ၏၊ မြတ်စွာဘုရားတို့သည် သိလျက်လည်း မေးတော်မူကုန်၏၊ သိလျက်လည်း မေးတော်မမူကုန်၊ အခါကိုသိ၍ မေးတော်မူကုန်၏၊ အခါကိုသိ၍ မေးတော်မမူကုန်။ မြတ်စွာဘုရားတို့သည် အကျိုးနှင့် စပ်သည်ကို မေးတော်မူကုန်၏၊ အကျိုးနှင့်မစပ်သည်ကို မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့်မစပ်သည်တို့ကို မဂ်ဖြင့် ပယ်တော်မူပြီးဖြစ်ကုန်၏၊ “တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့်တို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်ကုန်အံ့” ဟူသော အကြောင်းနှစ်မျိုးတို့ဖြင့် ဘုန်းတော်ကြီးကုန်သော မြတ်စွာဘုရားတို့သည် ရဟန်းတို့ကို မေးတော်မူကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို “အာနန္ဒာ... ထိုဆုံသံသည် အဘယ်ပြုသော အသံနည်း” ဟု မေးတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤအကြောင်းအရာကို လျှောက်၏။

“အာနန္ဒာ... ကောင်းစွ၊ ကောင်းစွ၊ သူတော်မြတ်ဖြစ်ကုန်သော သင်တို့သည် (အစာ ခေါင်းပါးခြင်း၊ လိုချင်ခြင်း၊ အလိုဆိုးသို့ လိုက်ခြင်းကို) အောင်နိုင်ကြကုန်၏၊ နောင်လာ နောက်သားများသည်ကား  သလေး သားပြွမ်းဆွမ်းကိုပင် အထင်သေးကြကြလိမ့်မည်” ဟု မိန့်တော်မူ၏။

ထိုအခါ အသျှင်မဟာမောဂ္ဂလာန်သည် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားအား ရိုသေစွာ ရှိခိုး၍ တခုသောနေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား-

“အသျှင်ဘုရား... ယခုအခါ၌ ဝေရဉ္ဇာမြို့သည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသော အရိုးရှိ၏၊ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန် မလွယ်ကူချေ။ အသျှင်ဘုရား... ဤမြေကြီး၏ အောက်အပြင်သည် ပျားကောင်၊ ပျားဥမရှိသော ပျားရည်ကဲ့သို့ ချိုမြိန်ကောင်းမြတ်၍ သာယာဖွယ်ရှိပါသည်၊ အသျှင်ဘုရား တောင်းပန်ပါ၏၊ အကျွန်ုပ်သည် မြေကြီးကို လှန်လိုပါသည်၊ ရဟန်းများ အောက်အပြင်ရှိ မြေဆီမြေလွှာ မြေဩဇာကို သုံးဆောင်ကြရပါလိမ့်မည်” ဟု လျှောက်၏။

“မောဂ္ဂလာန်… မြေကြီးကို မှီနေကုန်သော သတ္တဝါတို့ကို အဘယ်သို့ပြုမည်နည်း”ဟု မေးတော်မူ၏။

“အသျှင်ဘုရား... အကျွန်ုပ်သည် လက်တဖက်ကို မြေကြီးကဲ့သို့ ဖန်ဆင်းပါမည်၊ မြေကြီးကို မှီနေကုန်သော သတ္တဝါတို့ကို ထို(မြေကြီးကဲ့သို့ ဖန်ဆင်းထားသော လက်ပေါ်) ၌ ပြောင်းရွှေ့ထားပါမည်၊ လက်တဖက်ဖြင့် မြေကြီးကို မှောက်လှန်ပါမည်”ဟု လျှောက်၏။

“မောဂ္ဂလာန်... မသင့်လျော်ပေ၊ မြေကြီးကို လှန်ရန် သင်မနှစ်သက်(မလိုလား)လင့်၊ သတ္တဝါတို့သည် အထင်အမြင် ဖောက်ပြန်မှားယွင်းခြင်းသို့လည်း ရောက်ကုန်ရာသည်” ဟု မိန့်တော်မူ၏။

“အသျှင်ဘုရား... တောင်းပန်ပါသည်။ အားလုံးသော ရဟန်းသံဃာကို မြောက်ကျွန်းသို့ ဆွမ်းခံကြွပါစေ” ဟု လျှောက်၏။

“မောဂ္ဂလာန်... မသင့်လျော်ပေ၊ အားလုံးသော ရဟန်းသံဃာ၏ မြောက်ကျွန်းသို့ ဆွမ်းခံသွားခြင်းကို သင် မနှစ်သက် (မလိုလား) လင့်” ဟု မိန့်တော်မူ၏။

ထိုအခါ ဆိတ်ငြိမ်ရာသို့ ကပ်၍ တပါးတည်းနေစဉ် အသျှင်သာရိပုတ္တရာအား- “ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်လေသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာတည်လေသနည်း”ဟု စိတ်အကြံသည် ဖြစ်ပေါ်၏။

ထိုအခါ အသျှင်သာရိပုတ္တရာသည် ညနေချမ်းအချိန်၌ တပါးတည်း နေရာမှထ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် ရိုသေစွာ ရှိခိုး၍ တခုသောနေရာ၌ ထိုင်ပြီးသော် မြတ်စွာဘုရားအား- “အသျှင်ဘုရား... ဆိတ်ငြိမ်ရာသို့ကပ်၍ တဦးတည်းနေစဉ် ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်လေသနည်း။ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ တည်လေသနည်းဟု အကျွန်ုပ်အား စိတ်အကြံ ဖြစ်ပေါ်ပါသည်။

အသျှင်ဘုရား… “ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာ မတည်ပါသနည်း၊ ဘုန်းတော်ကြီးကုန်သော အဘယ်မြတ်စွာဘုရားတို့၏ သာသနာတော်သည် ကြာမြင့်စွာတည်ပါသနည်း" ဟု လျှောက်၏။

“သာရိပုတ္တရာ… ဝိပဿီမြတ်စွာဘုရား၏ လည်းကောင်း၊ သိခီမြတ်စွာဘုရား၏ လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရား၏ လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ မတည်ခဲ့ချေ၊ သာရိပုတ္တရာ... ကကုသန်မြတ်စွာဘုရား၏ လည်းကောင်း၊ ကောဏဂုံ မြတ်စွာဘုရား၏ လည်းကောင်း၊ ကဿပမြတ်စွာဘုရား၏ လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာတည်ခဲ့၏ ” ဟု မိန့်တော်မူ၏။

“အသျှင်ဘုရား… ဝိပဿီမြတ်စွာဘုရား၏ လည်းကောင်း၊ သိခီမြတ်စွာဘုရား၏ လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရား၏ လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ မတည်ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း ”ဟု လျှောက်၏။

“သာရိပုတ္တရာ… ဝိပဿီမြတ်စွာဘုရားသည် လည်းကောင်း၊ သိခီမြတ်စွာဘုရားသည် လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရားသည် လည်းကောင်း တပည့်တို့အား တရားတော်ကို အကျယ်ဟောတော်မူရန် ကြောင့်ကြမစိုက်ကြကုန်။ ထိုမြတ်စွာဘုရားတို့၏ သုတ် ဂေယျ ဗျာကရုဏ်း ဂါထာ ဥဒါန်း က္ကတိဝုတ်ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လတို့သည် အနည်းငယ်မျှသာ ဖြစ်ကုန်၏။ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မမူခဲ့ချေ။ (အာဏာ) ပါတိမောက်ကို ပြတော်မမူခဲ့ချေ။”

ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သော အခါ၌ လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာလေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌ လည်းကောင်း အထူးထူးသော အမည် အနွယ် ဇာတ်ရှိကုန်သော အမျိုးတို့မှ ရဟန်းပြုကုန်သော နောင်လာနောက်သား တပည့်တို့သည် ထိုသာသနာတော်ကို လျင်မြန်စွာ ကွယ်ပျောက်စေကုန်၏။

“သာရိပုတ္တရာ... ချည်မျှင်ဖြင့် မသီကုံးဘဲ ပျဉ်ပြားပေါ်၌ တင်ထားသော ပန်းအမျိုးမျိုးတို့ကို ချည်မျှင်ဖြင့် မသီကုံးခြင်းကြောင့် လေသည် ဖရိုဖရဲ ကြဲဖြန့် တိုက်ခိုက် မှုတ်လွှင့်ဖျက်ဆီးသကဲ့သို့ ဤဥပမာအတူသာလျှင် ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌ လည်းကောင်း၊  မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာလေးပါးကို သိကုန်သော တပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌ လည်းကောင်း အထူးထူးသော အမည် အနွယ် ဇာတ်ရှိကုန်သော အမျိုးတို့မှ ရဟန်းပြုကုန်သော နောင်လာနောက်သား တပည့်တို့သည် ထိုသာသနာတော်ကို လျင်မြန်စွာသာ ကွယ်ပျောက်စေကုန်၏၊”

“သာရိပုတ္တရာ… ဤသည်ပင်လျှင် ဝိပဿီမြတ်စွာဘုရား၏ လည်းကောင်း၊ သိခီမြတ်စွာဘုရား၏ လည်းကောင်း၊ ဝေဿဘူမြတ်စွာဘုရား၏ လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ မတည်ခြင်း၏ အကြောင်းပေတည်း၊ ဤသည်ပင်လျှင် ကြာမြင့်စွာ မတည်ခြင်း၏ အထောက်အပံ့ပေတည်း” ဟု မိန့်တော်မူ၏။

“အရှင်ဘုရား… ကကုသန်မြတ်စွာဘုရား၏ လည်းကောင်း၊ ကောဏဂုံ မြတ်စွာဘုရား၏ လည်းကောင်း၊ ကဿပမြတ်စွာဘုရား၏ လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာ တည်ခဲ့ခြင်း၏ အကြောင်းကား အဘယ်ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း” ဟု လျှောက်၏။

“သာရိပုတ္တရာ… ကကုသန်မြတ်စွာဘုရားသည် လည်းကောင်း၊ ကောဏဂုံ မြတ်စွာဘုရားသည် လည်းကောင်း၊ ကဿပမြတ်စွာဘုရားသည် လည်းကောင်း တပည့်တို့အား တရားတော်ကို အကျယ်ဟောတော်မူရန် ကြောင့်ကြစိုက်တော်မူကုန်၏။ ထိုမြတ်စွာဘုရားတို့၏ သုတ် ဂေယျ ဗျာကရုဏ်း ဂါထာ ဥဒါန်း က္ကတိဝုတ်ဇာတ် အဗ္ဘုတဓမ္မ ဝေဒလ္လတို့သည် များပြားကုန်၏။ တပည့်တို့အား သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ (အာဏာ) ပါတိမောက်ကို ပြတော်မူ၏။”

ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌ လည်းကောင်း၊ မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာလေးပါး ကို သိကုန်သောတပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌ လည်းကောင်း အထူးထူးသော အမည် အနွယ် ဇာတ်ရှိကုန်သော အမျိုးတို့မှ ရဟန်းပြုကုန်သော နောင်လာနောက်သား တပည့်တို့သည် ထိုသာသနာတော်ကို ကြာမြင့်စွာသော ကာလပတ်လုံး တည်စေကုန်၏။

“သာရိပုတ္တရာ... ချည်မျှင်ဖြင့် သီကုံး၍  ပျဉ်ပြားပေါ်၌ တင်ထားသော ပန်းအမျိုးမျိုးတို့ကို ချည်မျှင်ဖြင့် သီကုံး၍ထားခြင်းကြောင့် လေသည် ဖရိုဖရဲ မကြဲဖြန့် မတိုက်ခိုက် မမှုတ်လွှင့် မဖျက်ဆီးနိင်သကဲ့သို့ ဤဥပမာအတူသာလျှင် ဘုန်းတော်ကြီးကုန်သော ထိုမြတ်စွာဘုရားတို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌ လည်းကောင်း၊  မြတ်စွာဘုရားတို့သို့ အတုလိုက်၍ သစ္စာလေးပါးကို သိကုန်သောတပည့်တို့ (ပရိနိဗ္ဗာန်စံလွန်) ကွယ်ပျောက်သောအခါ၌ လည်းကောင်း အထူးထူးသော အမည် အနွယ် ဇာတ်ရှိကုန်သော အမျိုးတို့မှ ရဟန်းပြုကုန်သော နောင်လာနောက်သား တပည့်တို့သည် ထိုသာသနာတော်ကို ကြာမြင့်စွာ ကာလပတ်လုံးတည်စေကုန်၏။”

“သာရိပုတ္တရာ… ဤသည်ပင်လျှင် ကကုသန်မြတ်စွာဘုရား၏ လည်းကောင်း၊  ကောဏဂုံမြတ်စွာဘုရား၏ လည်းကောင်း၊ ကဿပမြတ်စွာဘုရား၏ လည်းကောင်း သာသနာတော်သည် ကြာမြင့်စွာတည်ခြင်း၏ အကြောင်းပေတည်း၊ ဤသည်ပင်လျှင် ကြာမြင့်စွာ တည်ခြင်း၏ အထောက်အပံ့ပေတည်း ”ဟု မိန့်တော်မူ၏။

အထက်ပါအတိုင်း မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားခဲ့တာကို မှတ်သားဆင်ခြင် နာယူခြင်းအားဖြင့်… ကမ္ဘာပေါ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင် သူတော်စင်အားလုံး အလေးအနက် နှလုံးသွင်းအပ်တာကတော့…


  • ဘာသာ သာသနာကို ကြာမြင့်စွာတည်အောင် အမုန်းတရားနဲ့ စောင့်ရှောက်လို့ မရနိုပါ။

  • ဘာသာ သာသနာကို ကြာမြင့်စွာတည်အောင် အမိန့်အာဏာနဲ့ စောင့်ရှောက်လို့ မရနိုင်ပါ။

  • ဘာသာ သာသနာကို ကြာမြင့်စွာတည်အောင် အကြောက်တရား ဖန်တီးပြီး  စောင့်ရှောက်လို့ မရနိုင်ပါ။

  • ဘာသာ သာသနာကို ကြာမြင့်စွာတည်အောင် ကျည်ဆန်နဲ့ စောင့်ရှောက်လို့ မရနိုင်ပါ။

  • ဘာသာ သာသနာကို ကြာမြင့်စွာတည်အောင် ဥပဒေပြုပြီး စောင့်ရှောက်လို့ မရနိုင်ပါ။

  • ဘာသာ သာသနာကို ကြာမြင့်စွာတည်အောင် ငွေကြေးဓနနဲ့ စောင့်ရှောက်လို့ မရနိုင်ပါ။

  • ဘာသာ သာသနာကို ကြာမြင့်စွာတည်အောင်  အခွင့်အရေးနဲ့ မြှူဆွယ်ပြီး  စောင့်ရှောက်လို့ မရနိုင်ပါ။

  • ဘာသာ သာသနာကို ကြာမြင့်စွာတည်အောင်  အင်အားသုံး အနိုင်ကျင့်ပြီး  စောင့်ရှောက်လို့ မရနိုင်ပါ။

  • ဘာသာ သာသနာကို ကြာမြင့်စွာတည်အောင် ငါစွဲအတ္တ၊ မာန်မာန အစွန်းရောက် ချစ်စိတ်နဲ့ စောင့်ရှောက်လို့ မရနိုင်ပါ။


အမျိုးဘာသာ သာသနာကို ယုံကြည်မှုသဒ္ဓါနဲ့သာ စောင့်ရှောက်နိုင်ပါတယ်။

အမျိုးဘာသာ သာသနာကို သိမှုဝိဇ္ဇာ ဉာဏ်ပညာနဲ့သာ စောင့်ရှောက်နိုင်ပါတယ်။

အမျိုးဘာသာ သာသနာကို ကိုယ်ကျင့်သီလကောင်းများနဲ့သာ စောင့်ရှောက်နိုင်ပါတယ်။

အမျိုးဘာသာ သာသနာကို တရားဥပဒေစိုးမိုးမှုဖြင့်သာ စောင့်ရှောက်နိုင်ပါတယ်။

အမျိုးဘာသာ သာသနာကို ငြိမ်းချမ်းရေးနဲ့သာ စောင့်ရှောက်နိုင်ပါတယ်။

အမျိုးဘာသာ သာသနာကို ဗြဟ္မစိုရ်တရား ၄ ပါးနဲ့သာ စောင့်ရှောက်နိုင်ပါတယ်။

အမျိုးဘာသာ သာသနာကို မဂ္ဂင်ရှစ်ပါးနဲ့သာ စောင့်ရှောက်နိုင်ပါတယ်။

အမျိုးဘာသာ သာသနာကို ရဟန်းသံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပရိယတ္တိ၊ ပရိပတ္တိ ဆိုတဲ့ ဘုရားရှင်ဟောကြားခဲ့တဲ့ တရားဓမ္မများကို သင်ကြားဖြန့်ဖြူး၊ လိုက်နာ ကျင့်ကြံပွားများခြင်း၊ ၂၂၇ သွယ်သော သိက္ခာပုဒ်တို့ကို ကောင်းမွန်စွာ ထိန်းသိမ်းမှုများဖြင့်သာ စောင့်ရှောက်နိုင်ပါတယ်။

မြန်မာပြည်သူ ရဟန်းရှင်လူတို့ ပိုင်းခြားဆင်ခြင် ကျင့်သုံးနိုင်ကြပါစေကုန်။

 

မင်းကောင်းချစ်

မတ်လ ၁၆ ရက် ၂၀၁၇ ခုနှစ်

(ကိုးကား - ဝိနည်းပိဋက ပါရာဇိကဏ်ပါဠိတော် မြန်မာပြန်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013