
အစိုးရသစ်လက်ထက်မှာ ထိုင်း၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို တရားဝင်အလုပ်သမား ၁၆၀၀၀၀ ကျော် စေလွှတ်နိုင်ခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ တနှစ်ပြည့် လုပ်ဆောင်ချက်မှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံတို့နဲ့ တရားဝင်အလုပ်သမားစေလွှတ်ရေး MoU လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ကိုရီးယားသမ္မတနိုင်ငံကို ၂ဝ၁၆ ဇန်နဝါရီလကနေ ၂ဝ၁၇ ဖေဖော်ဝါရီလအတွင်း ၅၉၈၁ ဦး စေလွှတ်နိုင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလကနေ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ အလုပ်သမား ၂၇၈၉ ဦး စေလွှတ်ခဲ့တယ်လို့လည်း အလုပ်သမားဝန်ကြီးဌာနသတင်းမှာ ဖော်ပြပါတယ်။
ဂျပန်နိုင်ငံရဲ့ ဥပဒေသစ်အရ အလုပ်သင်အလုပ်သမား အစီအစဉ်တရပ် ဖြစ်ပေါ်ရေးနဲ့ အလုပ်သင် အလုပ်သမားတွေကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရေးအတွက် ဂျပန်နိုင်ငံအစိုးရနဲ့ မြန်မာနိုင်ငံတို့အကြား နည်းပညာသင်တန်းသား စေလွှတ်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်းထားဆဲဖြစ်ပါတယ်။
အလုပ်သမားဝန်ကြီးဌာန သတင်းဖော်ပြချက်အရ တရားဝင်စေလွှတ်တဲ့ အလုပ်သမား ၁၆၀၀၀၀ ကျော်အနက် အများစုဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတာ ဖြစ်ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မတ်လ ၂၄ ရက်က ကိုရီးယားနိုင်ငံမှာ အလုပ်သွားလုပ်မယ့် လူငယ်တဦးက "ကိုရီးယားမှာ အလုပ်သွားလုပ်ဖို့ အားလုံး အစစပေါင်းရင် ကျပ်ငွေ သိန်း ၅၀ လောက်ကုန်တယ်။ ဟိုမှာ တလ ကျပ် ၁၀ သိန်းလောက် လစာရမှာမို့ ၅ လလောက် အလုပ်လုပ်လိုက်ရင် စရိတ်ကျေတယ်” လို့ ပြောပါတယ်။
မြန်မာအလုပ်သမားအများစုဟာ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှာ သွားရောက် အလုပ်လုပ်နေကြတာဖြစ်ပြီး အစိုးရသစ်လက်ထက်မှာမှ ကိုရီးယားနိုင်ငံကို စတင်သွားရောက် အလုပ်လုပ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။











