DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်ခံနိုင်သည့် အဆင့်မြင့်ကျောင်းဆောင်များ ဂျပန်ဆောက်လုပ်လှူဒါန်း
DVB
·
March 29, 2017
ငလျင်ဒဏ်ခံနိုင်သည့် အဆင့်မြင့်ကျောင်းဆောင်များ ဂျပန်ဆောက်လုပ်လှူဒါန်း
Donate to DVB

ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ခင်မင်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်အဖြစ် ဂျပန်ပြည်သူတွေက ငလျင်ဒဏ်ခံနိုင်တဲ့ အဆင့်မြင့်ကျောင်းဆောင်တွေကို မတ်လ ၂၈ ရက် မနက် ၈ နာရီက ကလေးခရိုင် ပညာရေးဌာနကို လွှဲအပ်ခဲ့ပါတယ်။

အခုလိုလွှဲအပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဂျပန်ကိုယ်စားလှယ် ဂျပန်အင်တာနေရှင်နယ် ကော်ပိုရေးရှင်း စစ်စတမ် အင်ဂျင်နီယာ ဦးကျော်မင်းအောင်က “အဓိကအကြောင်းကတော့ ၂၀၁၅ ခုနှစ်တုန်းက နိုင်ငံတဝန်း ရေဘေးကြောင့်ပါပဲ။ အဲဒီရေဘေးမှာ တနိုင်ငံလုံးနီးပါး ရေဘေးကြောင့် စာသင်ကျောင်းတွေ ရေနစ်ခဲ့တယ်။ အဲ့ဒါတွေအတွက် ဂျပန်-မြန်မာ ခင်မင်ရင်းနှီးချစ်ခင်မှု နှစ်နိုင်ငံ သဘောတူညီချက်အရ ခုလို လှူဒါန်းတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

လွှဲအပ်ခဲ့တဲ့ ကျောင်းဆောင် ၂ ဆောင်ဟာ မြန်မာငွေကျပ် သိန်း ၃၀၀၀ ကျော် အကုန်ကျခံ တည်ဆောက်ခဲ့တာဖြစ်ပြီး အဲဒီကျောင်းဆောင်တွေမှာ မီးစနစ်နဲ့ မိုးကြိုးလွှဲပါ တပ်ဆင်ထားတဲ့အပြင် ငလျင်ဘေးအတွက် ရစ်ခ်ျတာစကေး ၇ ထိ ခံနိုင်အောင် တည်ဆောက်ထားတာပါ။

JICS အနေနဲ့ ညောင်ပင်သာရပ်ကွက်မှာရှိတဲ့ အခြေခံကျောင်းဆောင် ၂ ဆောင်အပြင် ကလေးခရိုင်အတွက် နတ်နန်းရွာ၊ ရေရှင်ရွာ၊ မင်းကင်းမြို့အတွက် ၃ ဆောင်၊ စုစုပေါင်း ၄ ဆောင် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ကျောင်းဆောင်လှူဒါန်းခြင်းနဲ့ပတ်သက်ပြီး ကလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးက “ခုလို ကျောင်းဆောင်တွေလှူတာ ဝမ်းသာမိပါတယ်။ လူမှာ အဝတ်၊ တောင်းမှာ အကွပ် ဆိုတဲ့ စကားအတိုင်း အရင်က ကျောင်းဆောင်အိုထဲ အမှောင်နဲ့ စာသင်ရတာထက် ခုဆို အဆင့်မြင့် ကျောင်းဆောင် ရလာတော့ စာသင်တဲ့ ကလေးငယ်တွေလည်း ခံစားမှု ပိုမြင့်လာမယ်လို့ မျှော်လင့်ပါတယ်။ နောက်ပြီး ဒီလို အဆင့်မြင့်တဲ့ အဆောက်အအုံဆိုတော့ ကိုယ့်ဘက်ကလည်း ရေရှည်ခံအောင်၊ သန့်ရှင်းလှပအောင် စောင့်ရှောက်ဖို့လည်း လိုအပ်ပါတယ်” လို့ ပြောပါတယ်။

ကလေးဒေသအပြင် ဂျပန်နိုင်ငံကနေ ၂၀၁၅ ခုနှစ် ရေဘေးအတွက် တနိုင်ငံလုံး ပြန်လည်ထူထောင်ရေး ဂျပန်ယန်းငွေ သန်းပေါင်း ၁၅၀၀ သန်း လှူဒါန်းထားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ရေဘေးကြောင့် နိုင်ငံတဝန်း ကျောင်းပေါင်း ၄၁၁၆ ကျောင်း ရေလွှမ်းမိုးခံခဲ့ရပါတယ်။ အဲဒီထဲကမှ ကျောင်းပေါင်း ၄၀၈ ကျောင်း ပျက်စီးခဲ့ပြီး ကျောင်းသားပေါင်း ၁၇၀၀၀၀ ကျော် ပညာရေး အခက်အခဲ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013