DVB Logo
Home
Lead Story
“အန်စီအေလက်မှတ်ထိုးလို့ တခုခုဆုံးရှုံးနစ်နာမှုတွေဖြစ်လာခဲ့ရင် သူကိုယ်တိုင်ဖြေရှင်းပေးမယ်” ဦးတန်ဂွန်းနှင့်မေးမြန်းချက်
DVB
·
March 28, 2017
“အန်စီအေလက်မှတ်ထိုးလို့ တခုခုဆုံးရှုံးနစ်နာမှုတွေဖြစ်လာခဲ့ရင် သူကိုယ်တိုင်ဖြေရှင်းပေးမယ်” ဦးတန်ဂွန်းနှင့်မေးမြန်းချက်
Donate to DVB

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ)ကို ပါဝင်လက်မှတ်ရေးထိုးဖို့နဲ့ ငြိမ်းချမ်းရေး ညီလာခံမှာ ပါဝင်ဖို့ဒေါ်အောင်ဆန်းစုကြည်က ကချင်လူထုခေါင်းဆောင်တွေကို တိုက်တွန်းပြောဆို လိုက်ပြီး တခုခု ဆုံးရှုံးနစ်နာမှုဖြစ်လာရင် ကိုယ်တိုင်ဖြေရှင်းမယ်လို့ အာမခံပြောကြားလိုက်ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကချင်အတိုင်ပင်ခံအဖွဲ့ဝင်တွေ၊ ကချင်လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ဘာသာရေး အဖွဲ့ခေါင်းဆောင်တွေ ဒီကနေ့မနက် မြစ်ကြီးနားမြို့မှာ တွေ့ဆုံချိန် ပြောဆိုလိုက်တာလို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ကချင်လူမှု အဖွဲ့ခေါင်းဆောင်တဦးဖြစ်သူ ဦးတန်ဂွန်းက ဒီဗွီဘီကိုပြောပါတယ်။
တွေ့ဆုံပွဲမှာ ဆွေးနွေးပြောဆိုခဲ့တာတွေနဲ့ပတ်သက်လို့ ဦးတန်ဂွန်းကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

ဒီကနေ့ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုမှာ အဓိက ဘာတွေ ဆွေးနွေးခဲ့ကြလဲ။
“အဓိကကတော့ သူတို့ ကချင်လူထုခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲဆိုပြီးမှ အဲလိုခေါင်းစဉ်နဲ့ တွေ့ဆုံခြင်း ဖြစ်ပါတယ်။ အဓိက ကျနော်တို့ ဘက်က တင်ပြဆွေးနွေးတာက အခုဖြစ်နေတဲ့ နိုင်ငံရေးပြဿ နာတွေ၊ ငြိမ်းချမ်းရေးပြဿ နာတွေ အိုင်ဒီပီပြဿ နာတွေပေါ့လေ။ ဒါတွေကို အဓိက ဆွေးနွေးတင်ပြခဲ့ပါတယ်။”

အိုင်ဒီပီ ဒုက္ခသည်တွေရဲ့ ပြဿ နာနဲ့ပတ်သက်ပြီး ဘာတွေတင်ပြတာလဲ။
“အိုင်ဒီပီပြဿ နာက တပ်မတော်ရဲ့ ထိုးစစ်ကြောင့် စစ်ပွဲတွေဖြစ်လာခဲ့တယ်။ ၂၀၁၁ ကနေပြီးမှ အခု အထိ၊ အခုလည်း အိုင်ဒီပီလူဦးရေက ပိုပြီးမှ များလာတဲ့အကြောင်းတွေ၊ နောက်ပြီးမှ ဒီလိုမျိုး စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု ကူညီထောက်ပံ့ရေးကိစ္စမှာ အခက်အခဲတွေ၊ တားမြစ်ချက်တွေ အမျိုးမျိုး ကြုံတွေ့နေရတဲ့အကြောင်းတွေပေါ့လေ။ ဒါတွေကို လူမှုရေး လူသားချင်း စာနာမှု ရှုထောင့်ကနေပြီးမှ ပထမဆုံး အမြန်ဖြေရှင်းပေးဖို့လိုတယ်ဆိုတဲ့ဟာတွေ၊ နောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းကို ထိုးစစ်တွေ ရပ်တန့်ဖို့လိုတယ်ဆိုတဲ့ဟာတွေပေါ့လေ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပိုပြီးတော့အောင်မြင်အောင်လုပ်ဆောင်ရမယ်။ ဒါမှလည်း ပြည်သူလူထု စစ်ဘေး ကြောင့် ခံစားနေရတဲ့ ပြဿနာတွေကို ဖြေရှင်းသွားနိုင်မယ်ဆိုတဲ့ဟာကို တင်ပြဆွေးနွေးသွားပါတယ်။”

ဘာသာရေးခေါင်းဆောင်တွေကကော ဒေါ်အောင်ဆန်းစုကြည်ကို ဘာတွေ တင်ပြခဲ့လဲ။
“ဘာသာရေးခေါင်းဆောင်တွေက အခုဖြစ်နေတဲ့ စစ်ရေးတွေပေါ့လေ။ နောက်ပြီးမှ တပ်မတော်ရဲ့ အခန်းကဏ္ဍကို ပြုပြင်ပြောင်းလဲဖို့လိုတယ်။ လူထုက အဲလိုမြင်တယ်ဆိုတဲ့ဟာတွေ၊ နောက်ပြီး အိုင်ဒီပီက များသထက်များလာပြီးမှ ကျေးရွာတွေ၊ အိမ်တွေကို စွန့်ပြီးမှ နှစ်လကြာရှည်ဖြစ်လာပြီ။ ဒါတွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ရော၊ ဒါကို အလေးထားပြီးတော့မှ လုပ်ဆောင်ပေးဖို့၊ နောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းကို ပိုပြီးမှ အောင်မြင်အောင်လုပ်ဖို့ဆိုရင် ဘာတွေလုပ်ရမယ်။ လူထုက ဘယ်လိုမြင်တဲ့ဟာတွေကို တင်ပြကြပါတယ်။”

ကချင်အတိုင်ပင်ခံအဖွဲ့ကကော ကချင်လူထုတွေနဲ့ပတ်သက်ပြီး ဘာတွေ ဆွေးနွေး တင်ပြတာမျိုးတွေ ရှိလဲ။
“ကချင်အတိုင်ပင်ခံအဖွဲ့ကနေ တင်ပြတာကတော့ ဒီအဖွဲ့ကြီးဖြစ်ပေါ်လာတဲ့ သမိုင်းအကျဉ်းကို မိတ်ဆက်ပေးတာပါတယ်။ နောက်ပြီး ဒီအဖွဲ့ရဲ့ ရူပါရုံနဲ့ တန်ဖိုးထားမှုတွေကို တင်ပြပေးတာပါတယ်။ နောက်ပြီးမှ ကချင်အမျိုးသားတွေရဲ့ ပင်လုံစာချုပ်အပေါ်မှာ ခံယူထားတဲ့ နိုင်ငံရေးခံယူချက်နဲ့ သဘောထားတွေကို တင်ပြဆွေးနွေးသွားတာကို တွေ့ရတယ်။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကကော ကချင်လူထုက သူ့ကို ဒီလိုတင်ပြတဲ့အခါမှာ သူ့အနေနဲ့ ဘာတွေ ပြန်ပြီးတုံ့ပြန် ပြောဆိုတာမျိုးတွေရှိလဲ။
“သူထပ်ခါထပ်ခါပြောတာက အန်စီအေလက်မှတ် ထိုးဖို့ပေါ့လေ။ နောက်ပြီးမှ ငြိမ်းချမ်းရေးညီလာခံကို ပါဝင်ဖို့ ဒါကို သူ ထပ်ခါထပ်ခါ ပြောပါတယ်။ အဓိက သူအဲဒါပြောပါတယ်။ ဒီငြိမ်းချမ်းရေးညီလာခံမှာ အန်စီအေထိုးပြီးမှ ပါဝင်ကြဖို့ အာမခံတဲ့ အကြောင်း၊ နောက်ပြီး မရှုံးစေရဘူးဆိုတဲ့အကြောင်းတွေ၊ နောက်ပြီးမှ တခုခုဆုံးရှုံးနစ်နာမှုတွေ ဖြစ်လာခဲ့ရင် သူကိုယ်တိုင် ဖြေရှင်းပေးမယ်ဆိုတဲ့ဟာတွေကို နောက်ဆုံး သူပြောခဲ့ပါတယ်။”

ဒီလိုပြောဆိုချက်အပေါ်မှာ ဦးတန်ဂွန်းအနေနဲ့ ဘယ်လိုမျိုးမြင်လဲ။ သူ့ပြောဆိုချက်ပေါ်မှာ အယုံအကြည် ရှိလား၊ ဒီအပေါ်မှာ ဘာပြောချင်လဲ။
“အယုံအကြည်ရှိသလားဆိုတာက အဓိက သမိုင်းအတွေ့အကြုံကို ပြောရမှာဖြစ်တယ်။ သမိုင်း အတွေ့အကြုံက အရင်တုန်းက သူတို့ စာချုပ်ချုပ်ခဲ့တဲ့ ပုံစံမျိုးနဲ့ အခုထိ ဖြစ်မလာခဲ့ဘူး။ ဒါနှစ်ပေါင်း ၆၀ ကျော် ၇၀ ပေါ့လေ။ အခုလည်း ပင်လုံကတိက၀တ်အတိုင်း ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ကြဖို့ သူတို့က ပြောနေတယ်။ ဒါပေမယ့် ဒီဖက်မှာဖြစ်လာတာက ထိုးစစ်တွေပဲ ဖြစ်နေတယ်။ တဖက်မှာ ဖက်ဒရယ်ပြည်ထောင်စုကြီးပုံစံနဲ့ အရမ်းကို ကွာခြားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ကရော ပြန်ပြီးမှ ရှိနေတယ်။ ဆိုတော့ ဒါသူတို့က နုတ်ကတိက ဒါ တော်တော်လေး စဉ်းစားစရာ ဖြစ်တာပေါ့လေ။ သမိုင်းအတွေ့အကြုံအရ အခုဖြစ်ပျက်နေတဲ့ဟာကို ကြည့်ပြီးမှပေါ့လေ။”

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်တွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခုချိန် လူပေါင်း ၁သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်ပါတယ်။
ဒီကနေ့ တွေ့ဆုံပွဲမှာ ကချင်လူထုခေါင်းဆောင် ၃၀ ကျော်ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက တာဝန်ရှိသူတွေ ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ပါဝင်တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013