
လာမယ့် သင်္ကြန်ကာလအတွင်းမှာ မှုခင်းတွေ မဖြစ်ပွားစေဖို့အတွက် နိုးထစေတဲ့ ဆေးတွေ ရောင်းချတာနဲ့ ဝယ်ယူသုံးစွဲတာတွေမလုပ်ကြဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတိပေး ထုတ်ပြန်လိုက်ပါတယ်။
သတိပြုရှောင်ကြဉ်ရမယ့် အချက် ၁၂ ချက်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ထားရာမှာ မိန်းကလေးတွေ ဆွေမျိုးသားချင်း မဟုတ်သူတွေနဲ့အတူ လည်ပတ်တာ၊ သူတို့ ကျွေးတဲ့ အစားအသောက်တွေကို မချင့်မချိန်စားသောက်တာ၊ အချိန်လွန် ရေကစား လည်ပတ်တာ၊ ရေကစားပြီးနားချိန် ဆိတ်ကွယ်ရာမှာ အနားယူတာတွေမလုပ်ဖို့ အချက်တွေလည်း ပါဝင်ပါတယ်။
သင်္ကြန်တွင်း အရက်သေစာတွေ လွန်ကဲစွာ သောက်စားမူးယစ်တာတွေ မလုပ်ဖို့၊ မူးယစ်ဆေးဝါးသုံးတာ၊ တုတ်၊ ဓား လက်နက်ကိုင်ဆောင်တာတွေ မလုပ်ရဘူးလို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ဝတ်စားဆင်ယင်တာ မလုပ်ဖို့ ရေကစားရာမှာ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်ပြီး အများအမြင်မှာ မတင့်တယ်တဲ့ မဖွယ်မရာပုံစံပြုလုပ်ထားတဲ့ ရေပက်ကိရိယာတွေနဲ့ ရေပက်ကစားတာတွေ မလုပ်ကြဖို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။











