
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့မှာ ဒီနေ့ မနက်ပိုင်းက လက်လုပ်မိုင်း တလုံးပေါက်ကွဲတဲ့ အတွက် ဆိုင်ကယ်ပိုင်ရှင် ဒဏ်ရာရရှိခဲ့တယ်လို့ မူဆယ်မြို့မ ရဲစခန်းက တာဝန်ကျရဲဝန်ထမ်း တဦးက ပြောပါတယ်။
“ဒီနေ့မနက်က မူဆယ်အပိုင် နမ့်စန်ဂိုဒေါင်ရွာမှာ ပေါက်ကွဲမှုဖြစ်တယ်လို့ အကြောင်းကြားလို့ တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ပါတယ်။ အသက် ၄၅ နှစ်ရွယ် ဦးဘမောင် ဆိုတဲ့သူ။ သူက အဲဒီမိုင်းဗုံးကို ဆိုင်ကယ်ပေါ်တင်ပြီး မောင်းလာတာ။ ဈေးဆိုင်တဆိုင်ရှေ့ရောက်တော့ သူက ဆိုင်ကယ်ဓာတ်ဆီဝယ်ထည့်တယ်၊ ၀ယ်ထည့်ရင်းနဲ့ ထပေါက်တာလို့ပြောတယ်ခင်ဗျ။ ဒဏ်ရာကတော့ ၀ဲခြေသလုံး၊ ပေါက်ထွက်စုတ်ပြဲဒဏ်ရာပေါ့။ ပြီးတော့ ၀ဲဘက်လက်ဖျံ ပွန်းပဲ့ဒဏ်ရာ၊ နောက် ၀ဲဘက်မျက်လုံးအောင် မိုင်းစထိ မှန်ဒဏ်ရာနဲ့ ယာဘက်ပါး ပေါက်ပြဲဒဏ်ရာပေါ့။ အခု မူဆယ်ဆေးရုံကို ပို့ထားတယ်။”
လက်လုပ်မိုင်းပေါက်ကွဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မူဆယ်ဒေသခံတဦးကတော့ သူ့ရဲ့တွေ့မြင်ချက်ကို ခုလိုပြောပြပါတယ်။
"သူက နမ့်စန်ဈေးအနီး လောင်းကစားဝိုင်းကနေ ပြန်လာတာ။ အဲတာကို နမ့်စန့်ဂိုဒေါင် ဈေးအနီးက ဓာတ်ဆီဆိုင်ရောက်တော့ သူဓာတ်ဆီထည့်ဖို့ ဆိုင်ကယ်တွန်းလာတယ်။ အဲတာကို သူအိမ်င်္ကျီထဲက Control သွားနှိပ်မိတာလား မသိဘူး။ သူဆိုင်ကယ်အတွင်းထဲက လက်လုပ်မိုင်းပေါက်ကွဲသွားတာပဲ။ ဒဏ်ရာရရှိသူမှာ နမ့်ခမ်းမြို့နယ် ကောင်းဝိန်းကျေးရွာတွင်နေထိုင်ပြီး နမ့်စန်ဈေးအနီးက ကောင်းခါးပြည်သူစစ်အပိုင် လောင်းကစားရုံမှာ သွားကစားပြီးအပြန် မနက် ၇ နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာ”လို့ ဒေသခံတဦးက ပြောပါတယ်။
မိုင်းပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မူဆယ်မြို့မရဲစခန်းက အမှုဖွင့်ဖို့ ပြင်ဆင်နေကာ ဒဏ်ရာရသူကိုတော့ အသေးစိပ် စစ်ဆေးမေးမြန်းချက်တွေ မလုပ်ရသေးဘူးလို့ ရဲဝန်ထမ်းက ပြောပါတယ်။
သတင်း - နိုင်နိုင်











