DVB Logo
Home
မြန်မာသတင်း
လာမည့် မိုးရာသီတွင် အမျိုးသားစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ ထုတ်ပြန်မည်
DVB
·
March 27, 2017
Donate to DVB

အစိုးရသစ် လက်ထက်မှာ စိုက်ပျိုးရေးကဏ္ဍကို ပြုပြင်ပြောင်းလဲမှုရဲ့ ကြိုးစားမှုတရပ်အနေနဲ့ အမျိုးသားစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို ၁၀ လခန့်ကြာအချိန်ယူရေးဆွဲပြီး လာမယ့် ဇူလိုင်မှာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဒီမဟာဗျူဟာမှာ အရင်က ရေးဆွဲခဲ့တဲ့ အစိုးရစီမံချက်တွေနဲ့ မတူတော့ဘဲ အများပြည်သူပိုင် စီမံကိန်းတွေဖြစ်လာအောင် ဦးတည်ရေးဆွဲထားတယ်လို့ ဦးဆောင် ရေးဆွဲသူတွေထဲမှာ ပါဝင်တဲ့ စိုက်ပျိုးရေး ပညာရှင် ဦးစံသိန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဝန်ကြီးဌာန Ministry က Ownership ဆိုတာထက် Public က Owen ship  လုပ်လိုက်ရင် ဘယ်သူမဆို ဆက်လုပ်သွားတာပေါ့။ မဟုတ်ရင် ၀န်ကြီးဌာနက ပိုင်တယ်ဆိုရင် ဒီဝန်ကြီးပြီးနောက် ၀န်ကြီး လက်ထက်ကျတမျိုး အဲလိုဖြစ်တတ်တယ်လေ။ အဲဒီဟာကတော့ ကျနော်တို့ စဉ်းစားပုံ စဉ်းစားနည်းလေးတွေ ပြောင်းထားတာပေါ့၊ သူက Productivity လည်းတက်ရမယ်၊ ယှဉ်ပြိုင်စွမ်းအားလည်း ကောင်းရမယ်။ နောက်တခုက လုပ်ပုံလုပ်နည်းက ဗရုတ်သုတ်ခလုပ်တာ မဟုတ်ဘူးပေါ့နော်၊ ကောင်းမွန်သော စီမံခန့်ခွဲမှုစနစ်နဲ့ စည်းစနစ်လေးနဲ့ ကျင့်ဝတ်လေးနဲ့ပေါ့နော်၊ မဟုတ်တရုတ် လျှောက်လုပ်၊ အကျင့်ပျက် ခြစား၊ အဲလိုပုံစံမျိုး မဟုတ်တော့ဘူးပေါ့နော်၊ အဲဒီသုံးခုကတော့ အဓိက အကျိုးသက်ရောက်မှု ဖြစ်ပါလိမ့်မယ်။”

စိုက်ပျိုးရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းတွေကို အရင် အစိုးရအဆက်ဆက် ရေးဆွဲခဲ့ပေမယ့် ယာမြေကို လယ်မြေပြောင်းမူဝါဒတွေ၊ ဆန်ဖူလုံရေးကိုသာ ဦးတည်ခဲ့တဲ့ မူဝါဒတွေ၊ စိုက်ပျိုးရေး ပညာပေးဝန်ထမ်းတွေကိုလျှော့ချခဲ့တဲ့ မူဝါဒတွေက လက်ရှိအချိန်မှာ အကျိုးဆက်အမှားတွေကို ရင်ဆိုင်ဖြေရှင်းနေရတာ ဖြစ်ပါတယ်။

မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ပြင်ဆင်ရမယ့် မူဝါဒတွေနဲ့ပတ်သက်ပြီး ပဲ၊ နှမ်းအသင်း အကြံပေးဖြစ်တဲ့ စိုက်ပျိုးရေးပညာရှင် ဦးစိုးဝင်းမောင်က “ဆန်စပါးကို ဦးစားပေးခဲ့တဲ့အတွက် အခြားသီးနှံတွေကို ပစ်ထားသလို ဖြစ်သွားတယ်။ စိုက်စရိတ်ချေးငွေ ပေးတာကအစ စပါးကို ၁ သိန်းခွဲချေးရင် အခြားသီးနှံကို ၂ သောင်းပဲ ချေးတယ်။ ဒေသနဲ့မကိုက်တဲ့ ယာမြေကို လယ်မြေဖြစ်အောင်ပြောင်းရင် နည်းပညာအရ ရပေမယ့် ရေကို မလိုအပ်ဘဲ သုံးရတဲ့အတွက် ဆုံးရှုံးမှုများတယ်။ ပေါ်လစီပိုင်းမှာ ထိခိုက်နေတော့ ပြင်သင့်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ယာမြေကို လယ်မြေ ဖြစ်ဖို့ မူဝါဒတွေချမှတ်ခဲ့ရာမှာ နည်းပညာအရ ပြောင်းလဲနိုင်ပေမယ့်  ကုန်ကျစရိတ်အရ တွက်ခြေမကိုက်လို့  မြစ်ရေတင်လုပ်ငန်းတွေ လျှော့ချရတာ၊ ဆန်စပါးဖူလုံရေးကိုသာ ဦးတည်လုပ်ဆောင်ခဲ့လို့  အခြားဟင်သီးဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အားနည်းခဲ့တာ၊  စိုက်ပျိုးရေး ပညာပေးဝန်ထမ်းတွေ မလုံလောက်တာ၊  သွင်းအားစုတွေကို စနစ်တကျ သုံးစွဲရာမှာ အားနည်းချက်တွေရှိနေတာ စတာတွေကြောင့် သီးနှံအထွက်နှုန်းနည်းပြီး ပြည်ပပို့ကုန်လုပ်ငန်းများ ထိခိုက်တဲ့ အကျိုးဆက်တွေ ဖြစ်စေတယ်လို့ စိုက်ပျိုးရေးပညာရှင်တွေ သုံးသပ်ပါတယ်။

အဆိုပါမဟာဗျူဟာကို ပြီးခဲ့တဲ့  စက်တင်ဘာလက စတင်ရေးဆွဲပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက်ရေးဆွဲထားတဲ့ မဟာဗျူဟာတွေနဲ့ ချိတ်ဆက်ကာ အမျိုးသားစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

သတင်း- ရူပါအောင်ဝင်း၊ ဓာတ်ပုံ- စိုက်ပျိုးရေးဦးစီးဌာန

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013