
တနင်္သာရီတိုင်းအတွင်းရှိ မြိတ်၊ ထားဝယ်နဲ့ ကော့သောင်းမြို့နယ်များရှိ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်တွေကို မြိတ်မြို့ ဒက္ခိဏဒီပါဆေးရုံကြီးက မေလ နောက်ဆုံး အပတ်မှာ အခမဲ့ ခွဲစိတ်ကုသပေးသွားမှာဖြစ်ပါတယ်။
Alliance For Smile အဖွဲ့က ဦးဆောင်ပြီး နိုင်ငံတကာအတွေ့ကြုံရှိ ကျွမ်းကျင်ဆရာဝန်များမှ လာရောက်ကာ မြိတ်မြို့နယ်၊ ကန်ဖျားရပ်ကွက်၊ ကန်ဖျားလမ်းမကြီးရှိ ဒက္ခိဏဒီပါ ဆေးရုံကြီးမှာ လာမယ့် မေလ ၂၂ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ ခွဲစိတ် ကုသ ပေးသွားမယ်လို့ သိရပါတယ်။
“နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များ တစ်ရာကျော်ကို ကျမတို့ ဆေးရုံမှ (အခမဲ့) ခွဲစိတ်ကုသ ပေးသွားဖို့ ရှိပါတယ်၊ ဒီဝေဒနာရှင်တွေထဲမှာက အထူသဖြစ် ကလေးငယ်လေးတွေကို ဦးစားပေး အနေနဲ့ ကုသပေးသွားမှာ ဖြစ်တယ်။ တိုင်းအတွင်းမှာ ရှိတဲ့ မည်သည့်မြို့နယ်၊ ဒေသမရွေး ကျေးရွာပါ မကျန် ကုသပေးသွားဖို့ စီစဉ်ထားတယ်”လို့ ဒက္ခိဏဒီပါဆေးရုံ Public Relations Officer တာဝန်ခံ ဒေါ်သဉ္ဖာဝင်းက ပြောပါတယ်။
ဝေဒနာရှင်တွေ၊ အခမဲ့ လာရောက် ခွဲစိတ်ကုသချိန်၊ လာရောက်ပြသချိန်မှ စပြီး ဆေးရုံမှ ဆင်းတဲ့ အချိန်ထိ (ဆေးစစ်ခြင်း၊ ခွဲစိတ်ကုသခြင်း၊ ဆေးဝါးများ) ကို ပံ့ပိုးကူညီသွားမည် ဖြစ်ကာ နယ်ဝေးမှ လာရောက်သူများကိုလည်း နေရေး ထိုင်ရေး ခရီးစရိတ်များနှင့် စားသောက်စရာများကိုလည်း ထောက်ပံ့ကူညီပေးသွားမည်ဟု သိရသည်။
သတင်း၊ ဇော်ဇော် (မြိတ်)











