DVB Logo
Home
Lead Story
ထိုင်းအာဏာသိမ်းဝန်ကြီးချုပ်၊ လုပ်ကြံဖို့ အကြံအစည်၊ ရှပ်နီနဲ့ ဒီမိုကရေစီ
DVB
·
March 27, 2017
ထိုင်းအာဏာသိမ်းဝန်ကြီးချုပ်၊ လုပ်ကြံဖို့ အကြံအစည်၊ ရှပ်နီနဲ့ ဒီမိုကရေစီ
Donate to DVB

 

ပြီးခဲ့တဲ့အပတ် မတ် ၁၈ ရက်၊ စနေနေ့က ထိုင်းနိုင်ငံ ပုလိပ်အဖွဲ့က ဒါဇင်အတော်များတဲ့ ရိုင်ဖယ်သေနတ်တွေ၊ လက်ပစ်ဗုံးတွေနဲ့ ထောင်သောင်းချီတဲ့ ကျည်ဆန်တွေကို အစုလိုက်အပြုံလိုက် ရှာဖွေတွေ့ရှိအပြီးမှာ ထိုင်းအာဏာသိမ်းဝန်ကြီးချုပ် ပရာယု ချန်အိုချာကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ထားမှုတရပ်ကို တွေ့ရှိခဲ့ရတယ်လို့ ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။

အဲဒီဝှက်ထားတဲ့ လက်နက်ခဲယမ်း အစုအပြုံလိုက်ကို ပုလိပ်အဖွဲ့က အရင် ထိုင်းဝန်ကြီးချုပ်ဟောင်း ဖြစ်သူ သက်ဆင်ဆင်ဝါနာထရာကို သစ္စာခံတဲ့ နိုင်ငံရေးအုပ်စု ဖြစ်တဲ့ ရှပ်နီအဖွဲ့ခေါင်းဆောင် ဝူသီပေါင်ခိုချာထမ် မခွန်း(ခိုထီး) ပိုင်ဆိုင်တဲ့  ပသုန်ဌာနီက အိမ်မှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ပြည်သူလူထု အတော်များများက ထိုင်းနိုင်ငံရေးမှာ ဖြစ်ပျက်နေတာတွေကို ယေဘုယျ သိရှိပြီး ဖြစ်ပေမယ့် အနည်းနဲ့အများ ထိတ်လန့်အံ့သြသွားကြပါတယ်။ သူဟာ ရှပ်နီ လှုပ်ရှားမှုတွေ၊ အထူးသဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ တချို့မြို့ကြီးတွေမှာ ခပ်စိတ်စိတ်ဖြစ်ပွားခဲ့တဲ့ အချိန်မှာ အတော်ကြီး လူသိများ ထင်ရှားခဲ့သူဖြစ်ပြီး ၂၀၁၄ ခုနှစ် မေလ၂၂ ရက်နေ့မှာ ကြည်းတပ်ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာက ဝန်ကြီးချုပ် ရင်လတ်ဆင်ဝါနာထရာ အစိုးရကို အာဏာသိမ်း ဖြုတ်ချပြီး အစိုးရဘက်တော်သား နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်း၊ နိုင်ငံရေး လှုပ်ရှားမှုတွေကို ကန့်သတ်ပိတ်ပင်လိုက်တဲ့ နောက်ပိုင်းမှာ ထွက်ပြေး တိမ်းရှောင်သွားခဲ့သူ ဖြစ်ပါတယ်။

ပုလိပ်တပ်ဖွဲ့ကတော့ ဒီလက်နက်ခဲယမ်းတွေ သိမ်းဆည်းတွေ့ရှိမှုနဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့သူ ၉ ဦးကို ဖမ်းဆီးလိုက်ပြီး အဲဒီသူတွေကို သံသယဖြစ်စရာ သက်သေအထောက်အထားတွေ သူတို့မှာ အခိုင်အမာရှိတဲ့ အကြောင်းနဲ့ အဲဒီသူတွေရဲ့ ချဲ့ထွင်ထားတဲ့ ကွန်ရက်ဟာ နိုင်ငံဆူပူအုံကြွအောင် ရည်ရွယ်လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ထိုင်းအမျိုးသားပုလိပ်တပ်ဖွဲ့ အကြီးအကဲ ရာတစ်ပ် ချိုင်ရင်းဒါးကတော့ “ကျနော်တို့ အဝေးကြည့်ကိရိယာပါတဲ့ ရိုင်ဖယ်တလက်ကို  တွေ့ရှိခဲ့ပါတယ်။ ကျနော်တို့ အသေအချာ ပြောနိုင်တာ ကခုက ဒါဟာ ငှက်ပစ်ဖို့မဟုတ်ဘဲ နိုင်ငံခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်တဲ့ နေရာမှာ သုံးဖို့ဖြစ်တယ် ဆိုတာပါပဲ” လို့ မစ္စတာပရာယုကို ရည်ညွှန်းပြီး သတင်းထောက်တွေကို မတ် ၁၉ ရက်၊ တနင်္ဂနွေနေ့က ပြေကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး ပရာယုရဲ့ အာဏာသိမ်းစစ်အုပ်စုက ရှပ်နီအုပ်စုတွေ ဝှက်ထားခဲ့တဲ့ လက်နက် ဒါဇင်ပေါင်းများစွာကို သိမ်းဆည်ရမိခဲ့ပြီး ဖြစ်ပြီး အဲဒီအုပ်စုတွေဟာ ဆင်ဝ်နာထရာ မျိုးစုကို သစ္စာခံကြတဲ့သူတွေ ဖြစ်တယ်လို့ အစကတည်းက စွပ်စွဲပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။ စစ်အုပ်စုကတော့ ဒီရှာဖွေတွေ့ရှိခဲ့တဲ့ လက်နက် အစုအပြုံဟာ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်နဲ့ သူတို့ရဲ့ အာဏာသိမ်းမှုကို ပြန်ပြီး တည့်မတ်အောင်လုပ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပုလိပ်တပ်ဖွဲ့ကတော့ လုပ်ကြံသတ်ဖြတ်ဖို့ အကြံအစည်နဲ့ ပတ်သက်ပြီး တခြား သက်သေ အထောက်အထား တင်ပြနိုင်တာ မရှိခဲ့ပေမယ့် ဝူသီပေါင်နဲ့ သူ့ရဲ့ကွန်ရက်အဖွဲ့ဟာ စစ်အုပ်စုကို အမြဲတမ်း ဆန့်ကျင်နေခဲ့ပြီး သူ့ရဲ့ အုပ်စုဝင်တွေက လူမှု မီဒီယာတွေမှာ ဝန်ကြီးချုပ် သေလိမ့်မယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့တာတွေ ရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။ မကြာခင်က လုံခြုံရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းရှာဖွေ၊ ၃ ပတ်ကျော် ဝန်းရံထားခံခဲ့ရတဲ့ ဓမ္မကာယ ဘုန်းကြီးကျောင်းကိစ္စနဲ့လည်း ပတ်သက်တယ်လို့ ပုလိပ်တပ်ဖွဲ့က ဆိုပါတယ်။

ပုလိပ်တပ်ဖွဲ့က ငွေမည်းခဝါချမှုနဲ့ အလိုရှိနေတဲ့ ကျောင်းထိုင်ဆရာတော်ကို ရှာဖွေလို့မရခဲ့ဘဲ စီးနင်းရှာဖွေမှုကို ရပ်ဆိုင်းခဲ့ပေမယ့် ရှပ်နီအုပ်စုဟာ သြဇာရှိသလို မစ္စတာသက်ဆင်နဲ့လည်း နီးနီးစပ်စပ် ရှိနေတယ်လို့ ရှုမြင်နေကြတဲ့ ဘုန်းကြီးကျောင်းကို အာဏာပိုင်တွေက ဆက်ပြီး စီးနင်းရှာဖွေမှုတွေ လုပ်လာရင် ချုံခိုတိုက်ခိုက်ဖို့လည်း ကြံစည်ထားခဲ့ကြတယ်လို့ ပုလိပ်တပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

အမျိုးသားပုလိပ်တပ်ဖွဲ့ အကြီးအကဲ အသေအချာ ပြောဆိုသွားတဲ့ အချက်တချက်ကတော့ တွေ့ရှိထားခဲ့တဲ့ လက်နက်တွေဟာ နိုင်ငံခါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရာယုကို အန္တရာယ်ပေးဖို့ ဒါမှမဟုတ် လုပ်ကြံသတ်ဖြတ်ဖို့ ဖြစ်တယ် ဆိုတာပါပဲ။

ဒါပေမယ့် ယူကျု(ပ်)ရဲ့ အသံဖိုင်တခုမှာတော့ သူ့ကိုယ်သူ ဝူသီပေါင်(ခိုထီး)လို့ ပြောတဲ့သူကတော့ အဲဒီလက်နက်ခဲယမ်းတွေဟာ သူဟာ မဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့ပြီး အာဏာရှင်စနစ် ဆန့်ကျင်ရေး ဒီမိုကရေစီညီညွတ်ရေး တပ်ဦး (UDD) အဖွဲ့ရဲ့ ပူးတွဲဆောင်ရွက်သူ ဝင်န်တိုရီရာခန်ကတော့ ဒီစစ်ဆင်ရေး ဖမ်းဆီးမှုဟာ ရှပ်နီအဖွဲ့ကို လက်နက်ကိုင်အုပ်စုတခုဖြစ်အောင် ဘောင်သွင်း အယုံသွင်းတဲ့ အစီအမံတခု ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ မစ္စတာ ဝူသီပေါင်ကိုတော့ နိုင်ငံရပ်ခြားမှာ ပုန်းခိုနေသူတယောက်လို့ ထိုင်းအာဏာပိုင်တွေက ယုံကြည်ထားကြတာ ကြာပါပြီ။ ပုလိပ်တပ်ဖွဲ့က နိုင်ငံနာမည်ကို တပ်မပြောခဲ့ပေမယ့် တချို့က ကမ္ဘောဒီးယားနိုင်ငံလို့ သိထားကြပါတယ်။ ပုလိပ်တပ်ဖွဲ့ ဗိုလ်ချုပ်ကြီးချာသစ်ကတော့ ခိုထီးဟာ ဘုန်းကြီးကျောင်းကို ထောက်ပံ့ဖို့၊ ပံ့ပိုးဖို့ လက်နက်တွေ စုဆောင်းပေးတဲ့နေရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့သူဖြစ်ပြီး အဲဒီကိစ္စဟာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အရာလို့ ယူဆရမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ခု ထိုင်းအာဏာသိမ်းအစိုးရက အပြင်းအထန် အလိုရှိနေတဲ့ ဝရမ်းပြေးတရားခံ ဖြစ်နေတဲ့ ဝူသီပေါင်ဟာ စစ်တပ်အစိုးရနဲ့ ပဋိပက္ခ မဖြစ်ခင်က ပသုန်ဌာနီ အခြေစိုက် ရေဒီယိုတခုက ဒစ်စ်ဆ်ဂျော်ကီ တယောက်ဖြစ်ပြီး ဘုရင်ကြီးကို ပုတ်ခတ်စော်ကားမှု စွဲချက်နဲ့ သူ့ကို ပုလိပ်အဖွဲ့က အလိုရှိသူတဦး ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးဖို့ ဖမ်းဆီးခွင့်ကို ၂၀၁၄ ခုနှစ် ဧပြီလကတည်းက တရားရုံးက ထုတ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီစွဲဆိုမှုဖြစ်လာတာက အဲဒီအချိန်က ထိုင်းအာဏာသိမ်း ခေါင်းဆောင် ကြည်းတပ်ဗိုလ်ချုပ်ကြီး ပရာယုကို ခိုထီးက ရေဒီယိုကနေ အပြင်းအထန် ထိုးနှက်တိုက်ခိုက်အပြီး ၂ လ အကြာမှာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

သူက ဗိုလ်ချုပ်ကြီး ပရာယုဟာ သူ့ကို သတ်မိန့်ပေးခဲ့သူ ဖြစ်တယ်ဆိုတာနဲ့ အဲဒီအတွက် သူဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဝန်ကြီးချုပ် ရင်လတ် ဆင်ဝါနာထရာ အစိုးရက အမျိုးသားရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးစားခဲ့တဲ့နေ့မတိုင်ခင် တနေ့မှာ နိုင်ငံကနေ ကမ္ဘောဒီးယားနိုင်ငံကို ထွက်ခွာသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုလိပ်တပ်ဖွဲ့ ဗိုလ်ချုပ်ကြီးချာသစ်က သူတို့ ပုလိပ်တပ်ဖွဲ့အနေနဲ့ အိမ်နီးချင်းနိုင်ငံ (ကမ္ဘောဒီးယား)ကို မစ္စတာဝူသီပေါင်ကို ထိုင်းနိုင်ငံကို ပြန်လည်လွှဲအပ်ပေးဖို့အရေး ကြိုးစားခဲ့ပေမယ့် လိုလိုလားလား တုံ့ပြန်မှု မရရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဘာဖြစ်လို့ပါလဲ။ ဒါကလည်း စဉ်စားစရာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပုလိပ်တပ်ဖွဲ့ ဗိုလ်ချုပ်ကြီးချာသစ် ပြောကြားခဲ့တာကတော့ “စုံစမ်းစစ်ဆေးမှုတခုအရ ခိုထီးရဲ့အုပ်စုဟာ ဗိုလ်ချုပ်ကြီး ပရာယု အပါအဝင် ထိုင်းအစိုးရအဖွဲ့က ဦးဆောင်နေသူတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ပြင်ဆင်နေကြတာပါ” လို့ အတိအလင်း စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။

သူက တကယ်လို့သာ အစိုးရတပ်ဖွဲ့တွေက ဓမ္မကာယ ဘုန်းကြီးကျောင်းထဲက လူတွေကို နှိမ်နှင်းချေမှုန်းဖို့ ကြိုးစားမယ်ဆိုရင် အဲဒီ လက်နက်ကိုင်အဖွဲ့က ဘုန်းကြီးကျောင်းကို အကူအညီပေးဖို့ ကြိုးစားပြီး လုံခြုံရေးတပ်ဖွဲ့ အရာရှိတွေကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေခဲ့ကြတယ်လို့လည်း မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

လုံခြုံရေး တာဝန်ရှိပုဂ္ဂိုလ်တွေကတော့ မစ္စတာဝူသီပေါင်ရဲ့ ကွန်ရက်က လူတွေဟာ ဘုန်းကြီးကျောင်းကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းရံစီးနင်းမှု မလုပ်ခင်မှာကတည်းက ဝင်ထွက်နေကြပြီး သူ့(ခိုထီး)ကို အိမ်နီးချင်းနိုင်ငံမှာ သွားရောက်တွေ့ဆုံခဲ့တာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာသိမ်း အစိုးရကတော့ သူ့ရဲ့လုံခြုံရေးတပ်ဖွဲ့တွေကို သူတို့ရဲ့ အာဏာနဲ့ သူတို့ရဲ့ အနာဂတ်နိုင်ငံရေးမှာ လိုချင်တဲ့ အလိုဆန္ဒတွေကို ထိပါးလာမယ့် ရှပ်နီတွေ အပါအဝင် တခြား ဘယ်ဒီမိုကရေစီအင်အားစုတွေကိုမဆို နှိပ်ကွပ်ချေမှုန်းဖို့ ကြိုးစားသွားမှာ ဖြစ်တယ်လို့ ယူဆရပါကြောင်း။   

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013