DVB Logo
Home
မြန်မာသတင်း
မြန်မာနယ်စပ် မယ်ဆိုင်စာတိုက်မှပို့သည့် ဘတ်သန်း ၆၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ (ရုပ်သံ)
DVB
·
March 26, 2017
မြန်မာနယ်စပ် မယ်ဆိုင်စာတိုက်မှပို့သည့် ဘတ်သန်း ၆၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ (ရုပ်သံ)
Donate to DVB


ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်စာတိုက်ကနေ ထိုင်းနိုင်ငံအတွင်းပိုင်းဘက်ကို ပို့ဆောင်လာတဲ့ ဘတ်သန်းပေါင်း ၆၀ ကျော် တန်ဖိုးရှိ  မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့  ထိုင်း ရတ်သတင်းမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ထာ့မကာမြို့ ဒွန်းခမင့်ရပ်ကွက် လုတ်ကယ်စာတိုက်ကြီးကို မယ်ဆိုင်စာတိုက်က ပို့လိုက်တဲ့ ပါဆယ်ထုတ်ပေါင်း ၆ ထုတ်၊ မတ် ၂၄ ရက်နေ့မှာ ပုံစံတူ ပါဆယ်ထုတ် ၁ ထုတ် စုစုပေါင်း ၇ ထုတ် ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဒီပါဆယ်ထုတ်တွေကို စာတိုက်ဝန်ထမ်းတွေက မသင်္ကာလို့  ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားရာမှ တာဝန်ရှိသူတွေက ဖွင့်ကြည့်တော့ မူးယစ်ဆေးဝါးတွေ ဖြစ်နေတာ တွေ့ရတယ်လို့ တိုင်းဒေသ အမှတ် ၇ ရဲဌာနချုပ် ဒုရဲမှူးကြီး ဆုထိဖုန်း ၀ုန်းဆပင်က ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

အဆိုပါ  ပါဆယ်ထုတ်တွေထဲမှာ ဘတ် သန်းပေါင်း ၆၀ ကျော်ဖိုး တန်ဖိုးရှိမယ့် စိတ်ကြွဆေးပြား အလုံးရေ ၃ သိန်းပါ အစည်းပေါင်း ၁၅၀၊ အိုက်စ်မူး ယစ်ဆေး ၁ ကီလိုဂရမ်၊ ဟီးရိုးအင်း ၈၀၀ ဂရမ် တို့ ပါဝင်ပြီး  နိုင်းအဖိချိုင်း (အသက် ၂၆ နှစ်)  ဆိုသူကို လိပ်မူပို့ဆောင်လာတာလို့ ဒုရဲမှူးကြီးက ဆက်ပြောပါတယ်။

နိုင်းအဖိချိုင်းမှ အဆိုပါ ပါဆယ်ထုတ်ကို မတ် ၂၅ ရက်နေ့ မနက် လာရောက်ထုတ်ယူစဉ် တာ ၀န်ရှိသူတွေက ဖမ်းဆီးလိုက်ပြီး စစ်ဆေးမေးမြန်းရာမှာ သူက အဲဒီပစ္စည်းအထဲမှာ ဘာပါသလဲဆိုတာ မသိရကြောင်း၊ သူ့သူငယ်ချင်းဖြစ်သူက ဘတ်ငွေ ၅ သောင်းပေးပြီး ဆမုတ်ပရကန်ဘက်ကို ဆက်ပို့ ခိုင်းလို့ လာယူတာဖြစ်ကြောင်း  ပြောခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကတော့ နိုင်းအဖိချိုင်းကိုရော   မယ်ဆိုင်မှ ပါဆယ်လာပို့သူ၊ မယ်ဆိုင်စာတိုက် ၀န်ထမ်းတွေနဲ့ နောက်ထပ် ဆက်လက်ပို့ဆောင်မယ့် ကွင်းဆက်တွေ အားလုံးကို ဆက်လက်ဖော်ထုတ် အရေးယူသွားမယ်လို့  သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013