DVB Logo
Home
မြန်မာသတင်း
ပါတီကြည့်ပြီး မဲပေးခဲ့သည့်အတွက် ဒုက္ခကြုံနေရဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော
DVB
·
March 26, 2017
ပါတီကြည့်ပြီး မဲပေးခဲ့သည့်အတွက် ဒုက္ခကြုံနေရဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော
Donate to DVB

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါတီကိုကြည့်ပြီး မဲပေးခဲ့ကြလို့ လက်ရှိ ဒုက္ခတွေ ကြုံနေရတာလို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောပါတယ်။

မတ်လ ၂၆ ရက်နေ့က ဒဂုံအရှေ့မြို့နယ်မှာ ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ပြည်သူတွေ လက်ရှိကြုံတွေ့ခံစားနေရတဲ့ ဒုက္ခ သုက္ခတွေဟာ လက်ရှိအစိုးရကြောင့် ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောတာပါ။

“လူကိုလည်းကြည့်ပါ။ ပါတီကိုလည်း ကြည့်ပြီး မဲပေးပါလို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် မှိုင်းမိနေတဲ့ လူထုကြီးဟာ ပါတီတံဆိပ်တခုတည်းကိုပဲ မဲထည့်ခဲ့ကြတဲ့အခါမှာ ဒီနေ့ နိုင်ငံတော် ကြုံတွေ့နေရတဲ့ဒုက္ခ သုက္ခတွေ၊ ဒီနေ့ ပတ်ဝန်းကျင်မှာ ရင်ဆိုင်နေရတာတွေ တန်းပြီး ဖြစ်လာတာပါပဲ။” လို့ သူက ပြောပါတယ်။

“ဒီနေ့ခေတ်မှာ ၃၆၀၀ နဲ့ ဘယ်လိုမှ မလောက်တော့ဘူးလေ။ တိုးပြီးတော့ ဥပဒေပြဋ္ဌာန်းပေးဖို့ ဘယ်သူမှ စဉ်းစားတယ်လို့လည်း မကြားမိဘူး။ ဒီထဲမှာ သိတတ်တဲ့အမတ်က ထမေးတာတောင်မှပဲ လုပ်ပေးဖို့ အစီအစဉ်မရှိဘူး။ သူ့သဘောသူဆောင်တယ်ဆိုမှတော့ ပြီးရောပေါ့ဗျာ။ အဲဒါ ခင်ဗျားတို့ ရွေးလိုက်တဲ့၊ အများစုက ရွေးလိုက်တဲ့အစိုးရ။ မှန်ပါလား ခင်ဗျ” လို့ သူက ဆက်ပြောပါတယ်။

ဆင်းရဲသူတွေအတွက် ဘဝဖွံ့ဖြိုးဖို့၊ စီမံကိန်းချဖို့ အစိုးရကို တိုက်တွန်းတဲအြဆိုကို ပြည်ခိုင်ဖြိုးပါတီက အမတ်က လွှတ်တော်မှာ တင်ပြခဲ့ပေမယ့်လည်း ရှုံးနိမ့်ခဲ့တယ်လို့ ဦးသန်းဌေးက ဆက်ပြောပါတယ်။

လက်ရှိအစိုးရဟာ ပြီးခဲ့တဲ့အစိုးရလိုမျိုး ကုန်ဈေးနှုန်းတည်ငြိမ်အောင်လည်း  မဆောင်ရွက်နိုင်ဘူးလို့ သူက ဝေဖန်ပါတယ်။ ပြီးတော့ ပြည်ခိုင်ဖြိုးပါတီဟာ ဒီမိုကရေစီကို စတင်မိတ်ဆက်ကျင့်သုံးပေးခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ဖေ့စ်ဘွတ်ခ်လောကမှာတောင်မှ တခုခုကောင်းတာလေးရှိလို့ ဒါကို ဆက်ပြီးတော့ Carry Over လုပ်မယ်၊ ပျံ့အောင်လုပ်မယ်ဆိုရင် မူရင်းကို ခရက်ဒစ်ပေးရတယ်။ စ လုပ်တဲ့သူကို အသိအမှတ်ပြုရတယ်။ အဲဒါ အခြေခံ လူ့ယဉ်ကျေးမှုပဲ။ ကောင်းတာကျတော့ ငါတို့ လုပ်တာ။ မကောင်းတာကျတော့ အရင်ကဟာ (အရင်ကလူတွေ) လုပ်တာဆိုရင် အဲဒါ အခြေခံ လူ့ယဉ်ကျေးမှုနဲ့များ ကိုက်ပါလား” လို့ ပြောပါတယ်။

လက်ရှိအစိုးရအနေနဲ့ ပြည်ခိုင်ဖြိုးပါတီ အစိုးရဆီက လက်ဆင့်ကမ်းတာဝန်ယူခဲ့တာတွေမှာ မကောင်းတာတွေကိုတော့ အရင်အစိုးရကိုပဲ လက်ညိုးထိုးနေတယ်လို့လည်း သူက ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီဟာ လာမယ့် ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကိုယ်စားလောင်း ၁၈ ယောက် ဝင်ရောက်ယှဉ်ပြိုင် သွားဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ပါတီကြည့်ပြီး မဲပေးခဲ့သည့်အတွက် ဒုက္ခကြုံနေရဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြော